လောင်းလုံး၊ ဇွန် ၁၅

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံ ၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၃ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ် ကညုံကျွန်း ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းမှာတော့ လက်နက်ကြီးတွေပစ်ခတ်ပြီး စပ်ပြဲကျေး ရွာဘက်ကို ထပ်မံဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ကညုံကျွန်း၊ ကထောင်းနီ၊ လေးသွန်းခံ၊ စပ်ပြဲ၊ ညှင်းမော်၊ ပြင်ထိန်းရွာတွေက ဒေသခံ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကညုံကျွန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူပိုင်စက်လှေအကြီး တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို စစ်ကြောင်းပတ်ထိုးနေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသေးပါဘူး။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ရဲ့ အစီရင်ခံစာတွေအရ အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်ခဲ့ရသူ ၇၅၃၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.