မော်လမြိုင် ၊ ဇွန် ၁၄
စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပလောင်ပြည် နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော်က အသိပေးပါတယ်။
မွန်-ခမာ မျိုးနွယ်စုဖြစ်တဲ့ မွန်၊ ဝ၊ တအာင်းတို့က တအာင်းနယ်မြေနဲ့ တအာင်းပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ တအာင်းပြည်ကောင်စီ TLC ဖွဲ့ စည်းနိုင်တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော်ရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီကနေ ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တအာင်းအမျိုးသားပါတီ TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ တအာင်း အရပ်ဘက်အစုအဖွဲ့တွေပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ရဲ့ ထိပ်သီးအစည်းအဝေးကနေ တအာင်းပြည်ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
TPCC ရဲ့ ထိပ်သီးအစည်းအဝေးကနေ တအာင်းပြည်တော်လှန်ရေးကာလ အစိုးရအစီအမံကို အ တည်ပြုပြီး အဲဒီအစီအမံကို အကောင်အထည်ဖော်ဖို့ တအာင်းပြည်ကောင်စီဟာ တော်လှန်ရေးကာလရဲ့ အမြင့်ဆုံးအာဏာပိုင်အဖြစ် ဖွဲ့စည်းနိုင်တာဟာ ကြီးမားတဲ့ အောင်မြင်မှုလို့ ထုတ်ပြန်ချက်မှာ ဖော်ပါတယ်။
မွန်ပြည်သစ်ပါတီ AD/ ရာမညမွန်တပ်တော်ဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ မွန်ပြည်ပေါ်ထွန်ရေး ရည်မှန်းချက်တွေနဲ့ တိုက်ပွဲဝင်နေတာပါ။
ဒီလိုမျိုးတိုက်ပွဲဝင်ရာမှာ “တစိတ်တပိုင်း လွတ်မြောက်ရုံနဲ့ အားလုံးမလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝရရှိမယ်”လို့ ခံယူချက်ထားရှိတာ ဖြစ်ပါတယ်။
အဲဒီခံယူချက်နဲ့အညီ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် TNLA အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ အသိပေးတာပါ။
တအာင်းပြည်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အမြန်အောင်မြင်ပါစေကြောင်းနဲ့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်နိုင်ရေးအတွက် မြန်မာပြည်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media