မော်လမြိုင် ၊ ဇွန် ၁၄

အာဏာသိမ်းကာလအတွင်း တစ်ရက်လျှင် အချိန် ၄ နာရီလောက်သာ လျှပ်စစ်မီးပေးနေတဲ့ မော်လမြိုင်စက်မှုဇုန်ကို လျှပ်စစ်မီးပိုပေးသွားမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ကတိပြုပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မော်လမြိုင်စက်မှုဇုန်က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကတိပေးခဲ့တာပါ။

မော်လမြိုင်စက်မှုဇုန်မှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ရေရရှိရေးကိုဆောင်ရွက်ပေးပြီး ဖြစ်တာကြောင့် လျှပ်စစ်မီးပိုမိုရရှိရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုခဲ့တာပါ။

ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စက်မှုဇုန်တွေဟာ ရပ်ကွက်တွေထက် လျှပ်စစ် မီး ရရှိမှုနည်းပြီး တကယ်ပိုမိုရရှိအောင် လုပ်ပေးပါက ကောင်းပေမယ့် ဘယ်ကနေဘယ်လို ရအောင် လုပ်ပေးမလဲဆိုတာ စောင့်ကြည်ရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စက်မှုဇုန်တွေ လျှပ်စစ်မီးရရှိမှု နည်းတယ်။ ရပ်ကွက်ထဲထက် ပိုနည်းတယ်။ တကယ် သူလုပ်ပေးရင်တော့ အများကြီးကောင်းတာပေါ့။ စက်မှုဇုန်တွေ မီးရရင်တော့ ဘယ်လိုဖြစ်ဖြစ်လေ ကုန်ထုတ် လုပ်ငန်းတွေကတော့ နည်းနည်း ပိုအဆင်ပြေလာမှာပေါ့။ ဒါပေမယ့် တကယ် ရမရဆိုတာက ကျွန် တော်တို့လည်း မသိဘူး။ ဘယ်ကနေ သူဘယ်လိုရအောင် လုပ်မလဲဆိုတာလည်း မသိဘူးပေါ့နော်” လို့ ဆိုပါတယ်။

တဖက်မှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကတော့ MSME လုပ်ငန်း အပါအဝင် စီးပွားရေးလုပ်ငန်းတွေမှာ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ နည်းပညာ၊ ငွေကြေး အရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ စက်ပစ္စည်းနဲ့ မြေနေရာတွေ ဖြစ်တာကြောင့် စက်မှုဇုန်တွေမှာ နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိတဲ့ ကုန်ထုတ်လုပ်ငန်းတွေ တိုးချဲ့လုပ်ဖို့ ပြောဆို ခဲ့ပါသေးတယ်။

ဒါ့အပြင် စက်မှုဇုန်တွေအနေနဲ့ စားသောက်ကုန်အပြင် လူသုံးကုန်ပစ္စည်းတွေကို ပြည်တွင်းထွက် ကုန်ကြမ်းတွေနဲ့ အသုံးပြုပြီး ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းတွေ လုပ်ဆောင်ကြဖို့ကိုလည်း စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားခဲ့တာပါ။

မြေပြင်မှာတော့ စက်မှုဇုန်တွေဟာ လျှပ်စစ်မီး ရရှိမှုနည်းပါးတာကြောင့် မီးစက်ကြီးတွေကိုသာ အားထား အသုံးပြုနေရတာ ဖြစ်တဲ့အတွက် စက်သုံးဆီ ကုန်ကျစရိတ် မြင့်မားတာအပြင် အထွေ ထွေ ကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် ကုန်ထုတ်စရိတ်မြင့်မားနေရတာ ဖြစ်ပါတယ်။

မော်လမြိုင်စက်မှုဇုန်ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က လျှပ်စစ်မီးပုံမှန်ရရှိခဲ့တာကြောင့် ကုန်ထုတ် လုပ်မှုတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်ခဲ့ပြီး စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်မီး ပုံမှန်မရတဲ့အတွက် လုပ်ငန်းအများစု လျှော့ချတာရှိသလို တချို့ လုပ်ငန်းတွေ ရပ်နားထားရတာ ရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.