ရေး၊ ဇွန် ၁၁

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲအခြေစိုက် အမှတ် ၃၁ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဒေါနတပ်ရင်း တပ်ခွဲ ၄ ထံကနေ သိရပါတယ်။

ခလရ ၃၁ မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ ဒေါနတပ်ရင်းတပ်ခွဲ ၄ ဖြစ်တဲ့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF ထံ အလင်းဝင်ခဲ့တာပါ။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ညအချိန် အပြင်ထွက်ရင်း ပေါ်တာဆွဲခံရတာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ မှာ တက်ရောက်ခဲ့ပြီး ခေါဇာမြို့နယ်ခွဲ ခလရ ၃၁ မှာ ၇ လနီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ညပိုင်းကင်းတာဝန်ကျချိန် ထွက်ပြေးလာကာ ဒေါနတပ်ခွဲ ၄ ထံ ဆက်သွယ်လာအလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့အချိန် MA-1 သေနတ် တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ကျည် ၂၅ တောင့် ယူဆောင်လာတာကြောင့် ဆုကြေးငွေများချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေတစ်နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ KBDF က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး ဒေါနတပ်ရင်းထံကို ဆက်သွယ် အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KBDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.