မော်လမြိုင် ၊ ဇွန် ၁၂

အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မွန်ပြည်သစ်ပါတီအပါအဝင် မွန်ညီညွတ် ရေးပါတီနဲ့ မွန်အရပ်ဘက်အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ မွန်ရေးရာပေါင်း စည်းရေးအဖွဲ့ MAU ကို ဇွန် ၆ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

ဒီဖွဲ့စည်းမှုဟာ ဧပြီလဆန်းက မော်လမြိုင်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၅ မွန်အမျိုးသားညီလာခံရဲ့ ဆုံး ဖြတ်ချက်အရ အမျိုးသားအဆင့် ပူးပေါင်းဆောက်ရွက်မှုဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းအကောင်အထည်ဖော်သွားဖို့ သဘောတူထားကြတာပါ။

ဖွဲ့စည်းလိုက်တဲ့ မွန်ရေးရာပေါင်းစည်းရေးအဖွဲ့ MAU မှာ နာယကအဖွဲ့အဖြစ် သံဃာတော်သုံးပါး ပါဝင်သလို ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့တို့ကိုလည်း သုံးဦးစီထည့်သွင်းထားပြီး အလုပ်အမှု ဆောင်အဖွဲ့မှာတော့ ၁၃ ဦး ပါဝင်ပါတယ်။

ဥက္ကဌအဖွဲ့မှာတော့ နိုင်ဝင်းလှက ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး နိုင်တလညီက ဒု ဥက္ကဌ ၁ နဲ့ နိုင်မွန်ရာဇာက ဒု ဥက္ကဌ ၂ ၊ အတွင်းရေးမှူးအဖွဲ့မှာတော့ နိုင်စံတင်က အထွေထွေအတွင်းရေးမှူး၊ နိုင်ဝဏ္ဏမာန်က တွဲဘက်အတွင်းရေးမှူး ၁ နဲ့ နိုင်အောင်မငေးက တွဲဘက်အတွင်းရေးမှူး၂ အဖြစ် ခန့်အပ်ထားတာပါ။

MAU ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ညီလာခံဆုံးဖြတ်ချက်အရ ပါဝင်နေတဲ့ အစုအဖွဲ့တွေကို အဖွဲ့လိုက်တာဝန်ပေးပြီး ဖွဲ့စည်းတာဖြစ်လို့ နာမည်အဟောင်းအတိုင်း ပြန်သုံးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ညီလာခံက ချမှတ်ပေးထားတဲ့အတိုင်း အဖွဲ့အစည်းကို ဖွဲ့လိုက်တယ်။ ရှေ့လုပ်ငန်းစဉ်ကျတော့ နောက်အပတ်မှ ဆွေးနွေးမယ်။ အခုတစ်ပတ်ဘာမှ မဆွေးနွေးဘူး။ တွေ့တုန်း မိတ်ဆက်တဲ့ သဘောမျိုးပဲ။ အဲဒါကြောင့် ဒီဟာက မွန်အမျိုးသားညီလာခံက ချမှတ်တဲ့အတိုင်း ဒါကို အဖွဲ့လိုက် တာဝန်ပေးတဲ့အတိုင်း တစ်ဖွဲ့ကို ၅ ယောက်စီ ဟိုဘက်ကတော့ ၉ ဦး ရယ် ကျွန်တော်တို့ ပါတီအနေနဲ့ ၅ ဦး ရယ် မွန်ပြည်သစ်က ၅ ဦးရယ် အဲဒါပဲ ပေါင်းစည်းလိုက်တာ။ ပေါင်းစည်းပြီးတော့ အဲဒီဟာကို ဖွဲ့လိုက်တာပေါ့။ အဓိက နာမည်ရွေးတာတို့ ဘာတို့ကျ နာမည်အဟောင်းက ပိုပြည့်စုံတော့ နာမည်အဟောင်းပဲ ပြန်သုံးတယ်” လို့ ဆိုပါတယ်။

အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ မွန်ပြည်သစ်ပါတီနဲ့ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ် ငါးဦးစီ ပါဝင်သလို မွန်အရပ်ဘက်အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် ၉ ဦး စုစုပေါင်း ၁၉ ဦးနဲ့ လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

ညီစားစခန်းမှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၂ မွန်အမျိုးသားညီလာခံကနေ ဆုံးဖြတ်ဖွဲ့စည်းခဲ့တဲ့ မွန်ရေးရာပေါင်းစည်းရေးအဖွဲ့မှာတော့ ကိုယ်စားလှယ် ၁၁ ဦးသာ ပါဝင်ခဲ့ပေမယ့် လက်ရှိမှာတော့ ကိုယ်စား လှယ် ရှစ်ဦးအထိ တိုးချဲ့ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

MAU မှာ ပါဝင်နေကြတဲ့ ကိုယ်စားလှယ်အစုဖွဲ့တွေထဲမှာ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ တွေ့ ဆုံဆွေးနွေးမှုတွေ ရှိခဲ့သလို မွန်ညီညွတ်ရေးပါတီကတော့ ကောင်စီအဖွဲ့ဝင်အဖြစ် ပါတီဝင်နှစ်ဦးကို စေလွှတ်ခဲ့ပြီး လက်ရှိအချိန်အထိ ပါဝင်နေကြတာပါ။

ဒီအခြေအနေမှာ ဖွဲ့စည်းလိုက်တဲ့ MAU မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ မွန်လက်နက် ကိုင်အဖွဲ့တွေနဲ့ မွန်နိုင်ငံရေးအဖွဲ့တွေ မပါဝင်တဲ့အတွက် စစ်ကောင်စီနဲ့ ပိုမိုနီးစပ်သွားမှာကို လူထုအကြား စိုးရိမ်မှုတွေလည်း ရှိနေပြန်ပါတယ်။

တစ်ဘက်မှာ ဒီနှစ်ကုန်ပိုင်းအတွင်း စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သဘောထားညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့ မွန်ရေးရာပေါင်းစည်းရေးအဖွဲ့ MAU ကို ဖွဲ့စည်းတာဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေတာပါ။

တည်ဆဲနိုင်ငံရေးပါတီအဖြစ် ရပ်တည်နေတဲ့ မွန်ညီညွတ်ရေးရဲ့ ပါတီဝင်တစ်ဦးလည်းဖြစ်တဲ့ နိုင်စံတင်ကတော့ မွန်ရေးရာပေါင်းစည်းရေးအဖွဲ့ MAU ဟာ ရွေးကောက်ပွဲနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောပါတယ်။

“ရွေးကောက်ပွဲက မွန်ညီညွတ်ရေးပါတီနဲ့ ဆိုင်တဲ့ဟာလေ။ ကျွန်တော်တို့ ပါတီတောင်မှပဲ ရွေး ကောက်ပွဲအတွက် ဘာမှ မစဉ်းစားသေးတာ။ သူတို့(ရွေးကောက်ပွဲကော်မရှင်) မှာ ဥပဒေတွေ ဘာတွေ ဘာမှမထွက်သေးတဲ့ဟာကို ကျွန်တော်တို့ ပါတီတောင် မစဉ်းစားသေးတာ ဒီအဖွဲ့က ပိုဝေးတာပေါ့၊ ဒီအဖွဲ့က (MAU) ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မွန်ရေးရာပေါင်းစည်းရေးအဖွဲ့ MAU ရဲ့ လုပ်ငန်းကော်မတီအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး နောက်အစည်းအဝေးကျမှသာ ဆက်လက်ဆွေးနွေးသွားမယ်လို့ အဖွဲ့ကနေ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မွန်နိုင်ငံရေးအခင်းအကျင်းဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ အုပ်စုတို့ ရှိနေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.