မော်လမြိုင် ၊ ဇွန် ၁၁

အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတဲ့ ပြည်နယ်အတွင်းရှိ ပညာရေးလုပ်သားတွေနဲ့ မွန်ပြည်နယ် ဖက်ဒရယ်ပညာရေး‌ကောင်စီကို ဖွဲ့စည်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ဇွန် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မွန်ပြည်နယ် ဖက်ဒရယ်ပညာရေးကောင်စီကို ဇွန် ၁ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကဏ္ဍ ၆ ဖွဲ့ပါတဲ့ အဆင့်မြင့်ပညာ၊ သက်မွေးပညာ၊ အခြေခံပညာ၊ ကျောင်းသားတွေ (အဆင့်မြင့်/အခြေခံ)၊ တိုင်းရင်းသားပညာရေးနဲ့ အခြားအစုအဖွဲ့တို့နဲ့ ဖွဲ့စည်းခဲ့တာပါ။

ပညာရေးကောင်စီအနေနဲ့ စုံလင်ကွဲပြားမှုကို လက်ခံပြီး လူ့အခွင့်အရေးကို အခြေခံတဲ့ ဖက်ဒရယ်ပညာရေးယန္တရား ပေါ်ပေါက်စေရေး၊ ဒေသန္တရသင်ရိုးတွေ ပါဝင်တဲ့ ပညာရေးစနစ် ဖြစ်ထွန်းလာရေး ကျား/မ လူမျိုးဘာသာမရွေး အခွင့်အရေးတန်းတူ ရရှိစေရေးတို့ကို အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CDM ပြုလုပ်ခဲ့ကြတဲ့ ပညာရေးကဏ္ဍက နိုင်ငံ့ဝန်ထမ်းတွေအပါအဝင် ကျောင်းသားကျောင်းသူတွေ၊ ပညာရေးလုပ်သားတွေအားလုံးနဲ့ သက်ဆိုင်တဲ့ မူဝါဒရေးဆွဲရေး၊ ပြည်နယ်ယူနစ်တစ်ခုအတွင်း ပြည်နယ်အလိုက် ဗလငါးတန် ပြည့်ဝပြီး ဘက်စုံစွမ်းဆောင်ရည်ပြည့်ဝတဲ့ ပညာရေးကျွမ်းကျင်ပညာရှင်တွေ ဖြစ်လာရေးတို့ကို လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။

တစ်ဘက်မှာ ကလေးတွေအားလုံးအကျုံးဝင်တဲ့ ပညာရေးဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ရေးနဲ့ သက်မွေးပညာရပ်တွေနဲ့ ပညာရေးသုတေသနလုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေး၊ ပြည်နယ်ယူနစ်အတွင်း ပညာရေးလုပ်ငန်းတွေကို ချိတ်ဆက်နိုင်ရေး စတဲ့ မူဝါဒတွေကိုလည်း အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ နိုင်ငံဝန်ထမ်းတွေနဲ့အတူ ပညာရေး CDM ဝန်ထမ်းတွေ ၊ ကျောင်းသားကျောင်းသူတွေဟာ ပြည်သူနဲ့အတူ ရပ်တည်ကာ မယိမ်းမယိုင်တဲ့ စိတ်ဓာတ်နဲ့ နိုင်ရာဝန်ကို ထမ်းကာ နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်နေဆဲလို့ ဆိုပါတယ်။

အလားတူ CDM ပြုလုပ်ရာမှာ မွန်ပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာ၊ အခြေခံပညာက ဆရာ၊ဆရာမတွေ ကျောင်းသား၊ကျောင်းသူတွေ ပါဝင်ခဲ့ကြပြီး ဝန်ထမ်းတွေနဲ့နည်းတူ အမှန်တရားကို မြတ်နိုးတဲ့ ပြည်သူတွေလည်း တစ်ခဲနက် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်မှာ ဖက်ဒရယ်ပညာရေးကောင်စီနဲ့ မတ်လအတွင်း ဖွဲ့စည်းခဲ့တဲ့ ပြည်နယ်အတွင်းရှိ CDM ပြုလုပ်ခဲ့ကြတဲ့ ကျန်းမာရေးအသိုင်းအဝိုင်းရှိ အလွှာ ၅ လွှာက ပုဂ္ဂိုလ်တွေပါဝင်တဲ့ ကျန်းမာရေးကောင်စီတို့ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.