မုဒုံ၊ ဇွန် ၁၂

မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာနဲ့ရောင်းဒေါင်းကျေးရွာကြား မုဒုံ – သံဖြူဇရပ်လမ်းပိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မွန်ပြည်သစ်ပါတီ NMSP AD က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဇွန် ၁၁ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က ရောင်းဒေါင်းကျေးရွာအနီး ကားလမ်းဘေးမှာ အင်အား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် တစ်နာရီကျော်အကြာ ဖြစ်ပွားခဲ့ပြီး မုဒုံအခြေစိုက် အမှတ် ၃၁၈ အမြောက်တပ်ကလည်း လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပေမယ့် အရေအတွက် အတိအကျကိုတော့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ကောင်းစကားထံ သံ လွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခြေအနေ မသိရှိရသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် မုဒုံ – သံဖြူဇရပ်လမ်းပိုင်းမှာ ခရီးသွားကား ရာနဲ့ချီ တစ်နာရီကျော်အကြာ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး မနက် ၈ နာရီလောက်မှာ ကားတွေ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပါတယ်။

ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့ကလည်း ရောင်းဒေါင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း တစ်ခု တိုက် ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ NMSP AD က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP -AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.