မော်လမြိုင်၊ ဇွန် ၁၂
တပ်တွင်းဖိနှိပ်မှုတွေကြောင့် စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားတွေ လက်နက်ချအလင်းဝင်တာနဲ့ ထွက်ပြေးမှုတွေ များပြားလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်း တပ်သားတွေဟာ တပ်တွင်းကြီးနိုင်ငယ်ညှင်း ဖိနှိပ်ခံရတာ၊ အစားအသောက် အ ဆင်မပြေတာ၊ စစ်တပ်အရာရှိပိုင်းတွေရဲ့ ကိုယ်ကျိုးစီးပွားလုပ်ငန်းတွေမှာ မတရားခိုင်းစေခံနေရပါတယ်။
ဒါ့အပြင် တပ်တွင်း ဖုန်းမသုံးခိုင်းတာ၊ မိသားစုတွေနဲ့ဆက်သွယ်ခွင့်မရတာ၊ လစာအပြည့်အဝမရတာ၊ ငွေမကိုင်ခိုင်းတာတွေကြောင့် ထွက်ပြေးမှု များလာတာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနစစ်ကြောင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးစောဒါးကိုက တော့ စစ်မှုထမ်းတပ်သား အများစုဟာ မတရားခိုင်းစေခံရတာနဲ့ ဖိနှိပ်ခံရတာတွေကြောင့် ထွက် ပြေးမှု ပိုများလာတာ ဖြစ်တယ်လို့ ပြောပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ မေလကနေ ဇွန် ၁၁ ရက်နေ့အထိ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့တွေထံ စစ်မှု ထမ်းတပ်သား အလင်းဝင်သူ ၁၂ ဦးထက်မနည်း ရှိခဲ့ပါတယ်။
စစ်မှုထမ်းတပ်သား အလင်းဝင်မှုအချို့ဖြစ်စဉ်တွေမှာတော့ စစ်မှုထမ်း တပ်သားတွေနဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေးကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မထုတ်ပြန်တာတွေလည်း ရှိနေပါတယ်။
တဖက်မှာတော့ စစ်မှုထမ်းတပ်သားတွေဟာ သင်တန်းဆင်းပြီးနောက် ရှေ့တန်းတွေထံ ချက်ချင်း ပို့ဆောင်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေ များပြားနေတာ ဖြစ်ပါတယ်။
စစ်မှုထမ်းတပ်သားတွေ ထွက်ပြေးတာတွေ ရှိပေမယ့် စစ်ကောင်စီဘက်ကတော့ လတိုင်းနီးပါး စစ်မှုထမ်း သင်တန်းတွေ ဖွင့်လှစ်နေပြီး လာမယ့် ဇွန် ၁၆ ရက်နေ့မှာလည်း စစ်မှုထမ်း အပတ်စဉ် ၁၃ သင်တန်း ဖွင့်လှစ်ဖို့ ရှိနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media