သပိတ်ကျင်း၊ ဇွန် ၁၀

နိုင်ငံတဝန်းမှာ အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သံ ဃာတော်တစ်ပါး အပါအဝင် အရပ်သား ၁၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန် ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ဇွန် ၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ ယာယီအပစ်ရပ်ကာလ ထပ်တိုးထားပေမယ့် နိုင်ငံတဝန်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်နေတာပါ။

ဇွန် ၁ ရက်နေ့နဲ့ ၅ ရက်နေ့တို့မှာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၄ မိုင်ကံသာကျေးရွာနဲ့ ကျက်ရိုးပင်ကျေးရွာရှိ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း ဗုံးကြဲခံရတာကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့သလို ဘုန်းကြီးကျောင်းဆောင်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အလားတူ ဇွန် ၅ ရက်နေ့မှာလည်း မကွေးတိုင်း ဆောမြို့နယ် ညောင်ကန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

ဇွန် ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ပျက်စီးခဲ့ပါတယ်။

ဇွန် ၇ ရက်နေ့ကလည်း ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ကျောက်ကြီးကျေးရွာ စာသင်ကျောင်းနဲ့ ပုဇွန်ဖြေကျေးရွာရှိ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ဘေးရှောင် ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် အဲဒီနေ့မှာလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်အိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သားအဖ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၅၂ ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ အချက် အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.