နမ့်ခမ်း ၊ ဇွန် ၁၁
တော်လှန်ရေးကာလမှာ အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် အစုအဖွဲ့သုံးဖွဲ့နဲ့ တအာင်းပြည်ကောင်စီ TLC ကို ဖွဲ့စည်းလိုက်တယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC က ဇွန် ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တအာင်းပြည်ကောင်စီမှာ TNLA ခေါင်းဆောင်ထဲက ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ဒုဥက္ကဌ နှစ်ဦးအပါအဝင် အဖွဲ့ဝင်လေးဦးနဲ့ တွဲဘက်အတွင်းရေးမှူး တစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ကိုးဦးပါဝင်ပါတယ်။
အစုအဖွဲ့သုံးဖွဲ့ထဲမှာ တအာင်းအမျိုးသားပါတီ TNP ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ တအာင်းအရပ်ဘက်အစုအဖွဲ့တွေပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC တို့ ပါဝင်ကြပါတယ်။
အဲဒီအစုအဖွဲ့သုံးဖွဲ့ရဲ့ နိုင်ငံရေးထိပ်သီးအစည်းအဝေးကို ဇွန် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ တအာင်းပြည်တစ်နေရာမှာ ပြုလုပ်ခဲ့ပြီး ထိပ်သီးခေါင်းဆောင်တွေအပါအဝင် ကိုယ်စားလှယ် ၈၃ ဦး တက်ရောက်ခဲ့ကြတာပါ။
ထိပ်သီးအစည်းအဝေးအတွင်း တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TSCDC ကနေ ရေးဆွဲထားတဲ့ တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီကို ဖွဲ့စည်းဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အစီအမံအရ ဆက်လက်ဖွဲ့စည်းမယ့် တအာင်းပြည်အစိုးရရဲ့ အဓိကမဏ္ဍိုင်ကြီး သုံးရပ်ဖြစ်တဲ့ အုပ် ချုပ်ရေး၊ဥပဒေပြုရေး၊တရားစီရင်ရေးတွေကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ရေးအတွက် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီကို ပြောင်းလဲဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
တအာင်းပြည်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နဲ့ မဟာမိတ်တွေ သိမ်းယူထားတဲ့ နယ်မြေတွေကို အခြေခံပြီး တော်လှန်ရေးကာလ တအာင်းပြည်သူ့အစိုးရတစ်ရပ်ကို အစုအဖွဲ့သုံးဖွဲ့ရဲ့ ကိုယ်စားလှယ်တွေအပြင် သင့်တော်တဲ့ လူထုကိုယ်စားလှယ်တွေနဲ့ အခုနှစ်အတွင်း ဆက်လက်ဖွဲ့စည်းသွားမယ်လို့ အသိပေးထားတာပါ။
လက်ရှိမှာ TNLA ထိန်းချုပ်နယ်မြေတွေထဲက နောင်ချိုမြို့ကို ပြန်လည်ရယူဖို့ စစ်ကောင်စီက ထိုး စစ်ဆင်တိုက်ခိုက်နေပြီး တစ်ဘက်မှာ တရုတ်အစိုးရရဲ့ ဖိအားကြောင့် TNLA ဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ တအာင်းပြည်ကောင်စီကို ဖွဲ့စည်းပြီး အဲဒီကနေတဆင့် တော်လှန်ရေးကာလ တအာင်းပြည်သူ့အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမယ့်အပေါ် သံလွင်တိုင်းမ်အနေနဲ့ ပြောခွင့်ရှိသူထံ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။
TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွက် ရှမ်းမြောက်ရှိ နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်နဲ့ နမ့်ခမ်း အပါအဝင် မန္တလေးတိုင်းက မိုးကုတ်မြို့တို့ကိုပါ ထိန်းချုပ်ထားပါတယ်။
TPCC ကတော့ မြန်မာပြည်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောထားထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media