ချာနီဟေ့ဗ်၊ ဇွန် ၁၀

နှစ်နိုင်ငံကြား အကျဉ်းသား လဲလှယ်မှု ပြုလုပ်ရေး စီစဉ်ထားတဲ့ အစီအစဉ်တွေ အများကြီးထဲက ပထမဆုံးခြေလှမ်းအနေနဲ့ ရုရှားနဲ့ယူကရိန်းကြား အသက် ၂၅ နှစ်အောက် စစ်အကျဉ်းသားတွေကို ဇွန် ၉ ရက်မှာ လဲလှယ်ခဲ့ကြောင်း သိရပါတယ်။

စစ်ပွဲအတွင်း သေဆုံးသွားတဲ့ ထောင်နဲ့ချီတဲ့ စစ်သားတွေရဲ့ ရုပ်အလောင်း လဲလှယ်ဖို့နဲ့ တစ်ဖက်ဆီက စစ်အကျဉ်းသား ၁၂၀၀ အနည်းဆုံး လဲလှယ်ဖို့ ဇွန် ၂ ရက်က အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့ယူကရိန်း တိုက်ရိုက် ဆွေးနွေးမှုအတွင်း သဘောတူညီခဲ့ပြီးနောက် အခုလိုမျိုး စစ်အကျဉ်းသားတွေ လဲလှယ်ခဲ့တာ ဖြစ်ပါတယ်။

ပိုပြီး ကျယ်ပြန့်တဲ့ ညှိနှိုင်းမှုတွေအတွင်း စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု မရယူနိုင်ခဲ့ပေမယ့် စစ်အကျဉ်းသား လဲလှယ်ရေးနဲ့ ရုပ်အလောင်း လဲလှယ်ရေးပဲ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေချိန်မှာ ယူကရိန်း အရှေ့အလယ်ပိုင်းဒေသတွေကို ထပ်မံ သိမ်းပိုက်ရရှိထားတယ်လို့ ရုရှားက ပြောပါတယ်။

ရုရှားက ပြန်လွှတ်ပေးလိုက်တဲ့ ယူကရိန်း စစ်အကျဉ်းသားတွေထဲမှာ လွန်ခဲ့တဲ့လေးနှစ် စစ်ပွဲ စတင်ချိန်ကတည်းက ဖမ်းဆီးခံထားရသူ တချို့ ပါဝင်တယ်လို့ သိရပါတယ်။

ယူကရိန်းအစိုးရ ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ပြန်လွတ်လာတဲ့ စစ်သားတစ်ယောက်က အရာရှိတစ်ယောက် ကမ်းပေးတဲ့ လက်ကိုင်ဖုန်းနဲ့သူ့အမေဆီ ဆက်သွယ်ပြီး သူအိမ်ပြန်လာပြီ ဖြစ်ကြောင်း ပြောကြားနေတာကို မြင်တွေ့ရပါတယ်။

ဇွန် ၉ ရက်က ပြုလုပ်ခဲ့တဲ့ အကျဉ်းသားလဲလှယ်မှုအတွင်း ဘယ်နှစ်ယောက် လဲလှယ်ခဲ့တယ်ဆိုတာကို ရုရှားကရော ယူကရိန်းကပါ ထုတ်ဖော်ပြောဆိုတာ မတွေ့ရပါဘူး။

ဒါပေမဲ့ ရုရှားစစ်တပ်ကတော့ နှစ်နိုင်ငံကြား လဲလှယ်ခဲ့တဲ့ စစ်အကျဉ်းသား အရေအတွက် အတူတူ ဖြစ်တယ်လို့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းက ပြန်လွှတ်ပေးလိုက်တဲ့ ရုရှား စစ်အကျဉ်းသားတွေကို မဟာမိတ် ဘီလာရု့ဇ်နိုင်ငံဆီ ပို့ဆောင်ပြီး စိတ်ကျန်းမာရေး စစ်ဆေး ကုသမှုတွေ ပြုလုပ်နေတယ်လို့ ရုရှားစစ်တပ်က ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.