ကျုံဒိုး၊ ဇွန် ၁၁

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ပိုင်ရပ်ကျေးရွာရှိ စာသင်ကျောင်း ဗုံးကြဲခံရတာကြောင့် ကျောင်းဆရာမနဲ့ ကျောင်းသားကျောင်းသူတွေအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အစပ်နား ပိုင်ရပ်ကျေးရွာထဲကို ဇွန် ၉ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်က ဂျက်ဖိုက်တာ လေယာဉ်တစ်စီးနဲ့ ကလပ်စတာဗုံးသီးအမျိုးအစားကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ပြည်သူတွေကို ရန်သူသဖွယ်ပစ်မှတ်ထားပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေမှာ ပညာသင်ယူနေတဲ့ ကလေးငယ်တွေနဲ့ ရွာသူရွာသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ KNU ဒူးပလာယာခရိုင်က ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး၊ ကျောင်းဆရာမ တစ်ဦးနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးသွားခဲ့ပြီး ကျောင်းသားကျောင်းသူ ၁၈ ဦးအပါအဝင် ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ဘာသာရေးအဆောက်အဦးဖြစ်တဲ့ တစ်ပါးကျောင်း ၁ လုံး ၊ နေအိမ် ၁၀ လုံး ထိမှန်ပျက်စီးသွားခဲ့ပြီး နွားတစ်ကောင်လည်း လက်နက်ကြီးထိမှန် သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိခိုက်သေဆုံးသွားတဲ့ ကလေးငယ်တွေနဲ့ ဒဏ်ရာရတဲ့ကလေးငယ်တွေမှာ Grade 1 , 2 ကျောင်း သားကျောင်းသူ ကလေးငယ်တွေဖြစ်ကြပြီး ကလေးငယ်တွေရဲ့ မိဘတွေဟာ ထိုင်းနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်နေရတဲ့အတွက် ဘိုးဘွားဆွေးမျိုးတွေနဲ့ နေထိုင်ကြရသူတွေဖြစ်တယ်လို့ KNU ဒူးပလာယာခရိုင်က ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တဲ့အချိန်ဟာ စာသင်ကြားနေတဲ့အချိန်ဖြစ်ပြီး ပိုင်ရပ်ကျေးရွာထဲမှာ စစ်ရေးတိုက်ပွဲတွေမရှိပဲ အကြောင်းမဲ့သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ပြည်သူ့ဆေးခန်းဆေးရုံတွေနဲ့ အရပ်သားပြည်သူနေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်လံဗုံးကြဲပစ်ခတ်တိုက်ခိုက်လျက်ရှိနေတယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.