ဘားအံ၊ ဇွန် ၆
ကရင်ပြည်နယ် ဘားအံမြို့မှာ ပြည်နယ်စစ်ကောင်စီအဖွဲ့က လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေပေမယ့် BGF စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ယာဉ်တွေကိုတော့ ဖမ်းမရဲကြဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇွန် ၁ ရက်နေ့ကစပြီး ဘားအံမြို့မှာရှိတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ကရင်ပြည်နယ်စစ်ကောင်စီက အ ဖွဲ့ဖွဲ့ပြီး မြို့အဝင်အထွက်နေရာ၊ လမ်းဆုံတွေနဲ့ လူအသွားအလာများတဲ့နေရာတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးပြီး သိမ်းဆည်းတာတွေ လုပ်ဆောင်နေခဲ့တာပါ။
ဘားအံမြို့မှာ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲ၊ မီးသတ်၊ BGF စတဲ့အဖွဲ့စုံပါဝင်တဲ့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရေးအဖွဲ့ဟာ လူအသွားအလာများတဲ့ ဘားအံ-လှိုင်းဘွဲသွားလမ်းဆုံ၊ အိန္ဒုလမ်းဆုံ၊ မဲဘောင်ဈေး၊ သံလွင်တံတားအဝိုင်း(ဆင်လေးကောင်အဝိုင်း)တွေ အပါအဝင် ကျောင်းသားကျောင်းသူတွေရဲ့ ကျောင်းတက်ချိန် အထူးသဖြင့် ကျောင်းဆင်းချိန်ကို အဓိကထားပြီး လမ်းမတန်းသာမက လမ်းကြိုးလမ်းကြားတဲ့ လှည့်ပတ်ပြီး ပိတ်ဆို့ဖမ်းဆီးနေတာဖြစ်ပါတယ်။
ကျောင်းသားကျောင်းသူတွေရဲ့ ကျောင်းတက်ကျောင်းဆင်းချိန်တွေမှာ လိုင်စင်မဲ့ယာဉ်တွေကို ပြည် နယ်စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီးနေတဲ့အတွက် ကျောင်းသားမိဘတွေဟာ မိမိတို့ရဲ့ က လေးတွေကို ကျောင်းပို့ကျောင်းကြိုရာမှာ မသွားရဲတော့တဲ့အတွက် အခက်အခဲများစွာ ကြုံနေရတယ်လို့ ဆိုပါတယ်။
ပြည်နယ်စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် ဘားအံ လှိုင်းဘွဲမြို့နယ်ထဲက လူမှုကယ် ဆယ်ရေးအသင်းပိုင် ကားအားလုံးနီးပါး ဘားအံမြို့ထဲကို လူနာမပို့ရဲတော့ဘဲ ရပ်နားထားရတဲ့အ တွက် အရေးပေါ်လူနာရှင်နဲ့တကွ မိသားစုတွေအတွက် ဒုက္ခများစွာ ကြုံနေရသလို ပုဂ္ဂလိကဆေး ခန်းတွေအချို့မှာလည်း လူနာတွေ လာရောက်မှုလုံးဝမရှိသလောက် နည်းပါးလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် ဘားအံမြို့ထဲမှာ လူအသွားအလာနည်းပါးလာတဲ့အတွက် တိတ် ဆိတ်ခြောက်ကပ်လာနေပြီး အရောင်းအဝယ်လည်း အရင်ကလောက် မကောင်းကြဘူးလို့ ပြောဆိုတာတွေရှိနေပါတယ်။
အဖမ်းအဆီးကြောင့် ဒေသခံတွေဟာလိုင်စင်ရှိတဲ့ သုံးဘီးဆိုင်ကယ်တွေကို ခေါ်ယူအားထားအသုံး ပြုနေရတဲ့အတွက် သုံးဘီးမောင်းသူတွေ အရင်အခြေအနေကထက် ပိုမိုမောင်းကောင်းလာတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
ဒါ့အပြင် လိုင်စင်မဲ့ကားဖမ်းဆီးမှုကြောင့် ကျေးလက်ဒေသ ကျေးရွာတွေဘက်က ဒေသခံပြည်သူအများစုဟာ ဘားအံမြို့က ဈေးကြီးတွေဆီ ဈေးလာရောက်ဝယ်ယူလို့ မရဲတော့တဲ့အတွက် ဈေး ဆိုင်ကုန်စုံဆိုင်တွေမှာ အရင်ကထက် အရောင်းပိုကျဆင်းလာနေပြီး လာဝယ်တဲ့သူ မရှိသလောက် နည်းပါးလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြည်နယ်စစ်ကောင်စီအဖွဲ့ဟာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ လိုင်စင်မဲ့ယာဉ်တွေကို ပိတ်ဆို့ဖမ်းဆီးနေသည်သာမက လမ်းကြိုလမ်းကြားထဲထိပါ လိုက်လံဖမ်းဆီးနေပေမယ့် လမ်းမကြီးပေါ်မှာ သွား လာနေတဲ့ နယ်ခြားစောင့်တပ် BGF ၊ DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ PC တပ်ဖွဲ့ပိုင်ကားတွေကိုတော့ ဖမ်းဆီးလို့မရဲဘူးလို့ ဆိုကြပါတယ်။
ဇွန် ၄ ရက်နေ့က ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတဲ့ ပြည်နယ်စစ်ကောင်စီအဖွဲ့နဲ့ နယ်ခြားစောင့်တပ် BGFအဖွဲ့တို့အကြား လိုင်စင်မဲ့ယာဉ်ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး နှစ်ဖက်ပြဿနာတွေ ဖြစ်ပွားခဲ့ကာ BGF တပ်ဖွဲ့ဝင်တွေက ကားဖမ်းဆီးနေတဲ့ အဖွဲ့တွေကို ကြိမ်းမောင်းသွားခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်မှာ စီးပွားရေး လူမှုရေး ပညာရေး လမ်းပန်းဆက်သွယ်ရေးစတဲ့ နေရာတွေမှာ ဒေ သခံပြည်သူတွေက လိုင်စင်မဲ့ယာဉ်တွေကိုသာ အဓိကထားအသုံးပြုနေရသလို လက်နက်ကိုင်အဖွဲ့အစည်းတွေသာမက စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကပါ လိုင်စင်မဲ့ယာဉ်တွေကို အဓိကထားအသုံးပြုနေရတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ