မုဒုံ၊ မေ ၂၁

မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီး သံဖြူဇရပ်-မုဒုံကားလမ်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မနေ့ မေ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာ အင်အား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ အဲဒီစခန်းကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်နာရီဝက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ် AD ပြောခွင့်ရ နိုင်ကောင်းစကားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို လူနာတင်ယာဉ်နဲ့ လာရောက်သယ်ဆောင်သွားပြီး ခရီးသွားကားတွေကိုလည်း စစ်ဆေးတင်းကျပ်ခဲ့တယ်လို့ သိရပါတယ်။

သံဖြူဇရပ်- မုဒုံလမ်းပေါ် တိုက်ပွဲကြောင့် ခရီးသွားကားတွေ တစ်နာရီဝန်းကျင် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ ပုံမှန်အတိုင်း ပြန်လည် သွားလာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် သက္ကောကျေးရွာအနီး သံဖြူဇရပ်-ဘုရားသုံးဆူလမ်းဝက စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.