မော်လမြိုင် မေ ၂၁

ကချင်ပြည်နယ်မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို မရပ်ဆိုင်းဘဲ အကောင်အထည် ဖော်ဖြစ်ခဲ့မည်ဆိုပါက မြန်မာတစ်နိုင်ငံလုံးရဲ့ ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်တဲ့အနေအထားကို ရောက်သွားနိုင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

မေ ၂၀ ရက်က နေပြည်တော်မှာ ဒုတိယနေ့အဖြစ် ဆက်လက်ပြုလုပ်တဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုမျိုး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီမှု မရှိသေးတဲ့အကြောင်း၊ ဓာတ်အားမရှိပါက ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ထိုက်သင့်သလို ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း၊ ဓာတ်အား ဖူလုံစေဖို့ အရင်ကာလတွေကတည်းက လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတွေကို အကောင်အထည်ဖော်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် မဖော်ခဲ့နိုင်လို့ လျှပ်စစ်ဓာတ်အား မဖူလုံရတာဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသွားခဲ့တာပါ။

ထင်ရှားတဲ့ ဥပမာအနေနဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို မရပ်ဆိုင်းခဲ့ရပါက မဂ္ဂါဝပ် ၆၀၀၀ ရရှိမှာဖြစ်ပြီး လက်ရှိ ဓာတ်အားပေး စက်ရုံတွေနဲ့ မြစ်ဆုံစီမံကိန်း ပေါင်းစပ်လိုက်မယ်ဆိုပါက ဓာတ်အား လိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်သွားနိုင်တယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

လုံခြုံရေးအခြေအနေနဲ့ လုပ်ငန်းဆောင်ရွက်လို့မရနိုင်တဲ့ အခြေအနေတွေကြောင့် စီမံကိန်းတွေ ရပ်တန့်ထားရလို့ လုပ်ဆောင်လို့ ရနိုင်တဲ့နေရာတွေမှာ ဖော်ထုတ် ဆောင်ရွက်မှာဖြစ်ကြောင်း၊ အနိမ့်တမံတွေ ပြုလုပ်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်တာနဲ့ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာဓာတ်အားထုတ်ယူခြင်းကို ဆောင်ရွက်သင့်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျရတာဟာ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရမှုနဲ့ သဘာဝဘေးကြောင့်လို့ ပြောဆိုထားပြီး လက်ရှိမှာ ဓာတ်အားလိုအပ်ချက်ရဲ့ ထက်ဝက်ကျော်လောက်ကိုသာ ဖြန့်ဖြူးနိုင်တော့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ နိုင်ငံခြားကနေ ဓာတ်ငွေ့အရည် LNG ကို ဝယ်ယူရမယ်လို့ ထောက်ပြမှုတွေ ရှိနေပေမယ့် ဓာတ်ငွေ့ရည်ဈေးနှုန်းတွေ မြင့်တက်နေလို့ ဝယ်ယူဖို့ အခက်ကြုံနေရတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြောထားပါတယ်။

မြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ၂၃ မိုင်ခန့်အကွာ မေခနဲ့ မလိခတို့ပေါင်းဆုံရာ မြစ်ဆုံနေရာနဲ့ မြစ်လက်တက်တွေပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မယ့် စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက ဆောက်လုပ်ဖို့ စတင်အကောင်အထည် ဖော်နေခဲ့တာဖြစ်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.