မကွေး မေ ၂၁
မကွေးတိုင်း ဂန့်ဂေါမြို့နယ် လယ်မကျေးရွာကနေ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူ အားလုံး သတ်ဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၂ ရက် မနက်ပိုင်းမှာ လယ်မကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူ ၁၁ ဦးကို သတ်ဖြတ်ကာ ၂၀ ကျော်ကို ဂန့်ဂေါမြို့ ခ.လ.ရ ၅၀ ဆီဖမ်းဆီးခေါ်ဆောင်သွားတာပါ။
“ဒီနေ့မနက်မှာပဲ တပ်နဲ့ ရင်းနှီးတဲ့သူတွေဆီကနေ အသိပေးလာတာပေါ့။ ဖမ်းဆီးခံရသူ အားလုံးကို သတ်ပစ်လိုက်ပြီဆိုပြီးတော့ သိရပါတယ်။” လို့ ယောအလင်းတန်းမှ ကိုဘကောင်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။
သတ်ဖြတ်ခံရသူ ၁၁ ဦးထဲမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး အသက် ၁၆ နှစ်အရွယ် ယောကျာ်းလေး၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက လယ်မကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ပကဖ ရဲဘော် ၇ ဦး ကလေးငယ် ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးခံရသူ အားလုံးထဲက ၁၀ ဦးဝန်းကျင်ကို ပြန်လွှတ်ပေးခဲ့တာပါ။
ကျန်ခဲ့သူတွေကို ဂန့်ဂေါမြို့ ခ.လ.ရ ၅၀ ကို ခေါ်ဆောင်သွားပြီးနောက် မေ ၂၁ ရက်နေ့မှာတော့ အားလုံး သတ်ဖြတ်ခံလိုက်ရပြီလို့ သတင်းတွေထွက်ပေါ်လာတာပါ။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media