မကွေး မေ ၁၉

အခြေပညာအဆင့် ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက် နှောင့်ယှက်ရင် အရေးယူမယ်လို့ Chin Defense Force-Asho က မေ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း ငဖဲမြို့နယ် တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသကျေးရွာတွေမှာရှိတဲ့ ကျောင်းဆရာ/ဆရာမတွေကို ခြိမ်းခြောက်တာ၊ နှောင့်ယှက် ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာ၊ ပညာသင်ကြားမှု ကျောင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်ရင် တားမြစ် အရေးယူမယ်လို့ ထုတ်ပြန်ထားတာပါ။

“အာဏာသိမ်းတာ လေးနှစ်ကြာတဲ့ ကာလရော၊ အာဏာမသိမ်းခင်ကာလတွေမှာကတည်းက ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေတာ ဖြစ်တဲ့အတွက် ဒါတွေိကို ထောက်ရှုတဲ့အတွက် စာသင်ကြားမှုအပိုင်းတွေကို ကျနော်တို့တပ်အနေနဲ့ ဝင်ရောက် နှောင့်ယှက်ခြင်းတွေ၊ လာရောက်စာသင်ကြားတဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့ ကျနော်တို့ကို ကြောက်ရွံ့နေစရာမလိုဘူးဆိုတာ အဓိက မက်ဆေ့ချ်ပေးချင်တာ ဖြစ်တယ်” လို့ CDF-Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

CDF-Asho ရဲ့လှုပ်ရှားနယ်မြေနဲ့ ထိစပ်နေတဲ့ ဒေသမှာ ဖွံဖြိုးတိုးတက်မှု နည်းပါးပြီး အာဏာမသိမ်းခင်ကာလကတည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဆရာ/ဆရာမတွေ လာရောက်မှု ခက်ခဲတဲ့ အားနည်းချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းနေအရွယ်ကလေးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ဆရာ/ဆရာမတွေ လာရောက်သင်ကြားမှုမရှိတာ၊ ဆရာ/ဆရာမ လုံလောက်မှုမရှိတာကြောင့် ကျောင်းတွေ ပိတ်တဲ့ကိစ္စ ပြေလျော့စေချင်တာကြောင့် ထုတ်ပြန်ချက် ထုတ်တာလို့ဆိုပါတယ်။

အခြေခံပညာအဆင့် ပညာရေးဝန်ထမ်းတွေအနေနဲ့လည်း ကျောင်းနေအရွယ်ကလေးငယ်တွေကို စေတနာ၊ ဝါသနာ၊ အနစ်နာ ၃ ချက်ကို ခံယူအလေးထားပြီး လွတ်လပ်စွာ ပညာသင်ကြားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.