ကျိူက်ထို၊ မေ ၂၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင် ရောက်လာမှုနဲ့အတူ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၇၀၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်အပါအဝင် အင်အား ၅၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ်ရှိ ဝင်းကံ၊ ခရွဲ၊ ပျဉ်းကတိုးကုန်း၊ ဇီးပြောင်းနဲ့ကျောက်ဖျားကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဝင်းကံ၊ ခရွဲ၊ ပျဉ်းကတိုးကုန်း၊ ဇီးပြောင်းနဲ့ ကျောက်ဖျာကျေးရွာ အုပ်စုက ကျေးရွာ ၃၈ ရွာ လူဦးရေ ၁၇၆၀၂ ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ နေရာ ထိုင်ခင်းတွေကအစ လူသားချင်းစာနမှု အကူအညီလိုအပ်မှု မြင့်တက်လာတယ်လို့ ကရင်အမျိုး သား အစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာ ဘေးလွတ်ရာ မြို့ရွာက ဆွေမျိုးနေအိမ်တွေနဲ့ ဥယျာဉ်ခြံ၊ တောတောင်တွေထဲမှာ တိမ်းရှောင်နေထိုင်နေရပြီး စစ်ရှောင်နေ့ရက် ရှည်ကြာလာတာနဲ့အမျှ စား နပ်ရိက္ခာ မလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ဝင်းကံကျေးရွာနဲ့ ကျောက်ပုံကြီးကျေးရွာတွေမှာ ဆက်လက်တပ်စွဲထားတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။
သုတေသနအဖွဲ့တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အဖွဲ့ ISP-Myanmar ရဲ့ အချက် အလက်တွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်အရေအတွက် ၆ ဒသမ ၆ သန်းအထိ တိုးလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KPSN