မုန်း၊ မေ ၁

စစ်ကောင်စီဘက်က အပစ်ခတ်ရပ်စဲကြောင်းကြေညာထားပေမယ့် ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဧပြီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၂၈ ရက်နေ့က တိုက်ပွဲမရှိဘဲ KNU မုန်းမြို့နယ်ရဲ့ ကျေးရွာ ၁၁ ရွာကို လေ ကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့နယ် ရွာအင်းကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ကိုသိန်းဇော်ဦး၊ ကညင်တိုင်းကျေးရွာနေ အသက် ၅၀ အရွယ်တွေဖြစ်တဲ့ ဒေါ်ခိုင်ဝင်း၊ ဦးစိန်းရင်နဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်အိရွှေဝင်းတို့ ထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကညင်တိုင်းကျေးရွာနေ အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၅၃ နှစ်အရွယ် ဦးအောင်မျိုးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လေးလုံး ပျက်စီးခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ ငလျင်ဖြစ်ပွားချိန်ကစပြီး ဧပြီ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၄၂ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၄၀၀ နီးပါးရှိခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုတွေဟာ ငလျင်ဒဏ်ပြင်းထန်းစွာ ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၅၂ ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၀ ဦးနဲ့ ဒဏ်ရာရသူ ၁၂၁ ဦးအထိ အများဆုံးရှိခဲ့ပါတယ်လို့ ဖော်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.