သရက်ချောင်း၊ ဧပြီ ၃၀

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်ခမောက်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်မှာ မြိတ်လေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဟာ ကျောက်ခမောက်၊ ချောက်ချောင်းကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာလောက်ကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကတွဲရွာနေ ဦးအောင်အောင် သေဆုံးခဲ့ပြီး ကျောက်ခမောက်ရွာက အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူ မဝင်းစန္ဒာ၊ အသက် ၅၀ အရွယ် မိခင်ဖြစ်သူ ဒေါ်မိကန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုအတွင်း ချောက်ချောင်းကျေးရွာ ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရှိထားတယ်လို့ သိရပေမယ့် အခြေအနေ အသေးစိတ်ကို သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုအတွင်း နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေရှိနေပြီး ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေးအဖိုးနှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.