သထုံ ၊ မေ ၁
မွန်ပြည်နယ် သထုံခရိုင်မှာ ဧပြီတစ်လအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး အပါအဝင် လေယာဉ်တွေနဲ့ပါ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပဲခူးတိုင်း ဝေါမြို့နယ် လက်ပန်ရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ် အမှတ် ၃၁၀ အ မြောက်တပ်ဟာ သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေယာဉ်တွေလည်း မကြာခဏလာရောက်ပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုအပြင် နေအိမ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ လက်ရှိစစ်ကောင်စီက အပစ်အခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ကြေညာထားတဲ့ ကာလမှာ သထုံခရိုင်အတွင်း လေယာဉ်နဲ့ဗုံးကြဲတာတွေ လက် နက်ကြီး ပစ်ခတ်တာတွေကို ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ နောက် ၂၃ ရက်ကနေ ၃၀ ရက်နေ့အထိလည်း စကစအနေနဲ့တော့ အပစ်ခတ်ရပ်တယ် ကြေညာထားတယ်။ အဲဒီ အပစ်အခတ်ရပ်စဲ ကြေညာထားတဲ့ကာလအ တွင်းမှာ အဲဒီဘုန်းကြီးကျောင်းတို့ လေယာဉ်ပျံနဲ့ ဗုံးကြဲတယ်။ အဲဒီကျိုက်ထိုမြို့နယ်ဘက်က ရော် ဘာခြံထဲမှာ ဗုံးကြဲချတယ်၊ နောက်တော့ အဲဒီလက်နက်ကြီးတွေနဲ့ ကျေးရွာမှာ လက်နက်ကြီးတွေ လှမ်းပစ်တာတွေ ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ အပစ်အခတ်ရပ်စဲ ထုတ်ပြန်ကြေညာတဲ့ကာလအ တွင်းမှာတော့ သူတို့တွေ မရပ်ဆိုင်းဘဲနဲ့ အဲဒီပြည်သူလူထုရဲ့ စိုးရိမ်ကြောက်ရွံ့နေရတဲ့ အရာတွေကို ဆောင်ရွက်ခဲ့တာပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ နေရာတွေဟာ တော်လှန်ရေးအင်အားစုတွေရှိတဲ့နေရာ မဟုတ်ဘဲ ဒေသခံတွေနေထိုင်ရာ ကျေးရွာတွေဖြစ်ပြီး ဒါဟာ စစ်ကောင်စီက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသခံတစ်ဦးကတော့ စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့ပေါ်ကို စစ်ဘေးရှောင်လာသူ ထောင်နဲ့ချီ ရှိလာသလို လက်ရှိစစ်ဘေးရှောင်တွေအနေနဲ့ ဘုန်း ကြီးကျောင်းတွေ၊ နီးစပ်ရာအိမ်တွေမှာ နေထိုင်ကြပြီး အဆင်ပြေသလို စားသောက်နေထိုင်နေရတယ်လို့ ပြောပါတယ်။
“(စစ်ဘေးရှောင်) တစ်ထောင်ကျော်လောက်တော့ရှိမယ် ထင်တယ်။ဘုန်းကြီးကျောင်းတွေမှာလည်း ရှိတယ်။ ဓမ္မာရုံတွေမှာ ရှိတယ်။အဆင်ပြေတဲ့ နေရာလိုက်နေ၊ နီးစပ်ရာအိမ်တွေ အဲဒီလိုမျိုး နေရာတွေမှာ နေကြတာပေါ့။ အခက်အခဲက စားဝတ်နေရေးပေါ့။ ပရဟိတတွေက နေပြီးတော့ နည်းနည်းပါးပါးတော့ အလှူခံပြီးတော့ ကျွေးမွေးရတာပေါ့။ သူတို့ ပါတာတွေလည်း စားကြပေါ့။ အဲဒီလို အဆင်ပြေသလိုတော့ စားသောက်နေထိုင်ကြတာပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ဘေးရှောင်အရေအတွက် များလာတာနဲ့အမျှ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေပါ လိုအပ်ချက်ရှိလာပြီး အရေးပေါ် အကူအညီတွေလည်း လိုအပ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက အပစ်ခတ် ယာယီရပ်စဲမယ်လို့ ကြေညာ ထားပေမယ့် နေ့စဉ် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်နေတာကြောင့် သထုံခရိုင်အတွင်း ကျေးရွာအများစုမှာ ဒေသခံတွေအနေနဲ့ မနေရဲကြတော့ဘဲ စစ်ဘေးရှောင်နေရတဲ့ အခြေအနေ ဖြစ်ပေါ် နေတာပါ။
စစ်ကောင်စီဟာ သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်က ကျေးရွာတွေကို မကြာ ခဏ လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ အခုနောက်ပိုင်း ပိုမိုပြုလုပ်လာတာ ဖြစ်တယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ