ဝါရှင်တန်၊ ဧပြီ ၃၀

ယီမင်နိုင်ငံမှာ ဧပြီ ၂၉ ရက်က အမေရိကန်နဲ့ ဗြိတိန်တပ်တွေ ပူးပေါင်းပြီး စစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဒရုန်းတွေလို လက်နက်မျိုးတွေ ထုတ်လုပ်နေတဲ့ ဟူသီအဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ယီမင်မှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြီးခဲ့တဲ့လမှာ ညွှန်ကြားခဲ့တာပါ။

ပင်လယ်နီကို ဖြန်သန်းသွားတဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတာ မရပ်မချင်း အီရန် ထောက်ပံ့ထားတဲ့ ဟူသီအဖွဲ့ကို တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ထရန့်က ပြောထားပါတယ်။

ဗြိတိန်နဲ့အမေရိကန်တို့ဟာ အရင်ကလည်း ယီမင်နိုင်ငံမှာ ပူးတွဲ စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

ပင်လယ်နီမှာရှိတဲ့ သင်္ဘောတွေကို တိုက်ခိုက်ရာမှာ သုံးတဲ့ ဒရုန်းတွေ ထုတ်လုပ်ဖို့ ဟူသီအဖွဲ့ အသုံးပြုနေတဲ့ မြို့တော် ဆာနား တောင်ဘက် ၂၄ ကီလိုမီတာအကွာရှိ အဆောက်အဦတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပေမယ့် ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို မဖော်ပြထားပါဘူး။

အဲဒီဒေသက အရပ်သားတွေ ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး ညအချိန်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် စစ်တပ်ဖက်ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက် မပေးသေးပါဘူး။

ယီမင်မှာရှိတဲ့ အာဖရိက ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေး စင်တာ တိုက်ခိုက်ခံရပြီး လူ ၆၈ ဦး သေဆုံးခဲ့တယ်လို့ ဟူသီအဖွဲ့ ထိန်းချုပ်ထားတဲ့ သတင်းဌာနက ဖော်ပြပါတယ်။

အရပ်သားတွေ ထိခိုက် သေဆုံးမှုရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေကြောင်း သတိပြုမိပြီး လေ့လာ စိစစ်နေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ယီမင်နိုင်ငံရဲ့ ဒေသများစွာကို ဟူသီအဖွဲ့က ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်နီကို ဖြတ်သန်းတဲ့ အစ္စရေးနဲ့ ဆက်စပ်တဲ့ သင်္ဘောတွေကို ဟူသီအဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကတည်းက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းသားတို့နဲ့ တစ်သားတည်း ရပ်တည်တဲ့ အနေနဲ့ အဲဒီလို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဟူသီအဖွဲ့က ပြောထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.