ကွာလာလမ်ပူ ဧပြီ ၃၀

လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်သားတွေ ဘေးအန္တရာယ် ကင်းစေဖို့နဲ့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးရေး သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ အာဆီယံဥက္ကဋ္ဌ မလေးရှားရဲ့ ကြိုးပမ်းမှုကို ထောက်ခံကြောင်း ကမ္ဘောဒီးယားနဲ့ စင်ကာပူက ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်တို့ကို သီးခြားစီ ဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးမှုအတွင်း အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ဧပြီ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အဲဒီ ဖုန်းခေါ်ဆိုမှုတွေအတွင်း ဒေသဆိုင်ရာ အကျိုးစီးပွားများနဲ့ သက်ဆိုင်တဲ့ တခြား ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မကြာသေးခင်က ဘန်ကောက်မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့လည်း တွေ့ဆုံခဲ့ကြောင်း ဝန်ကြီးချုပ် အန်ဝါက ပြောကြားရာမှာ ကမ္ဘောဒီးယားနဲ့စင်ကာပူ ဝန်ကြီးချုပ်တို့က ထောက်ခံ ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒီတွေ့ဆုံမှုတွေဟာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ ရှုမြင်ကြကြောင်း ဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။

ကမ္ဘောဒီးယား၊ စင်ကာပူဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံမှုအတွင်း အထူးသဖြင့် အမေရိကန်ရဲ့ အခွန် ပြဌာန်းမှု အပါအဝင် ဒေသဆိုင်ရာ ကုန်သွယ်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။

Ref:MalayMail

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.