ထားဝယ်၊ မေ ၁

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသ ခံတွေထံက သိရပါတယ်။

အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၉ ရက်နေ့ကစလို့ ထားဝယ်မြို့ကနေ ထားဝယ်အရှေ့တောဒေသဖြစ်တဲ့ ထီးခီးဒေသဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ထားဝယ်အရှေ့တောဒေသတွေဖြစ်တဲ့ သရက်ငုတ်ကျေးရွာ၊ သင်္ကန်းတုန်းကျေးရွာ၊ ဝကုန်းကျေးရွာအပါအဝင်အနီးအနားကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ထားဝယ်အရှေ့တောဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာလို့ မတိမ်းရှောင်ရင် ဖမ်းဆီးသတ်ဖြတ်တာနဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းမှာတော့ ဝကုန်းကျေးရွာအနီး ရောက်ရှိလာပြီး တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က ထီးခီးနယ်စပ်အနီးရှိ စစ်ကောင်စီရဲ့ ထီးထဗျူဟာစခန်းကို တော်လှန် ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ထီးခီးနယ်စပ်နဲ့ တောင်သုံးလုံးကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲတာ၊ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဧပြီ ၂၀ ရက်နေ့လောက်စတင်ပြီး မေတ္တာမြို့၊ ထီးခီးနယ်စပ်ဒေသ၊ တောင်သုံးလုံးကျေးရွာနဲ့ ကျောက်မဲတောင်ကျေးရွာက ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အဆိုအရ စစ်ကောင်စီတပ်ဟာ ထီးထဗျူဟာစခန်းကို ပြန်လည်ရယူဖို့အတွက် ထီးခီးနယ်စပ်ကို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.