ကော့ကရိတ်၊ ဧပြီ ၃၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျုံဒိုးမြို့ဘက်ကို စစ်ကူအင်အားတွေ ထပ်မံပို့ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂၉ ရက်နေ့ မနက်အစောပိုင်းကစလို့ စစ်ကောင်စီတပ်စွဲထားတဲ့ ကော့ကရိတ်မြို့နားက ရွှေကြက်မင်းဘုန်းကြီးကျောင်း နေရာတဝိုက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်က ကျုံဒိုးမြို့ဘက်ကို တပ်ကူတွေ ထပ်မံပို့ဆောင်လာနေပြီး ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၅)၊ ဂျိုင်း(ကော့ကရိတ်)တံတား စစ်ဆေးရေးဂိတ်တွေနဲ့ ဂျိုင်း၊ ရိုးမဟာ၊ ကျားကလေးရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကော့ကရိတ် ကျုံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကို ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့က စစ်ရေးပိုင်းမှာ ကူညီတိုက်ခိုက်ပေးနေပြီး လှိုင်ဝဂိတ် ၉ တိုင်ဂိတ်စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့အတူ တပ်စွဲနေထိုင်တယ်လို့လည်း စစ်ရေးနီးစပ်သူတွေက ဆိုပါတယ်။

နှစ်ပတ်ကျော်ကြာလာတဲ့ ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ခွဲထွက် DKBA အဖွဲ့ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သလို KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုအချို့ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးသွားခဲ့ပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

တိုက်ပွဲကြောင့် ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ ကရင်အရပ်ဖက်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကော့ကရိတ် ကျုံဒိုးတိုက်ပွဲကြောင့် ကရင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဘားအံမြို့ဘက်မှာလည်း စစ်ကောင်စီတပ်က သံလွင်မြစ်ကမ်းပေါ်မှာ စစ်သင်္ဘောတွေကို ချထားကာ ခံစစ်ပြင်ဆင်မှုတွေလည်း တိုးမြှင့်လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.