ဝါရှင်တန်၊ ဧပြီ ၁၉

မကြာခင် အခြေအနေတိုးတက်လာတဲ့ ရှင်းလင်းတဲ့ လက္ခဏာတွေ မတွေ့ရဘူးဆိုရင် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရေး ကြားဝင် ညှိနှိုင်းပေးနေတဲ့ အနေအထားကို စွန့်လွှတ်လိုက်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့က ဧပြီ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

မိမိတို့အနေနဲ့ သဘောတူညီမှု မြန်မြန်ရရှိအောင် လုပ်ဆောင်လိုကြောင်း သမ္မတ ထရန့်က သတင်းထောက်တွေကို ပြောကြားလာတာ ဖြစ်ပါတယ်။

တကယ်လို့ နှစ်နိုင်ငံထဲက တစ်နိုင်ငံအနေနဲ့ အရမ်းခက်ခဲအောင် လုပ်ဆောင်နေမယ်ဆိုရင် မင်းတို့အရူးတွေ၊ မင်းတို့ သိပ်ဆိုးတဲ့လူတွေလို့ ပြောပြီး ကြားဝင်ညှိနှိုင်းပေးနေတဲ့ အနေအထားကို လက်လွှဲပေးသွားမှာ ဖြစ်တယ်လို့ ထရန့်က ဖြည့်စွက် ပြောကြားထားပါတယ်။

ရုရှားနဲ့ယူကရိန်းတို့က ရက်ပိုင်းအတွင်း အခြေအနေ တိုးတက်မှုရှိကြောင်း ပြသရမှာဖြစ်ပြီး မဟုတ်ရင် အမေရိကန်အနေနဲ့ ဆက်ပြီး ညှိနှိုင်းပေးတော့မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ပြောကြားခဲ့ပြီးနောက် ထရန့်က အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဥရောပ၊ ယူကရိန်းခေါင်းဆောင်တွေနဲ့ပါရီမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် ဝန်ကြီး ရူဘီယိုက မိမိတို့အနေနဲ့ သဘောတူညီမှု ရဖို့ အဆုံးသတ်အထိ အကြာကြီး မစောင့်နိုင်ဘဲ လာမယ့် ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ် ပိုင်းအတွင်း အခြေအနေတိုးတက်မှု ရှိကြောင်း ပြသရလိမ့်မယ်လို့ ပြောပါတယ်။

ထရန့်ကတော့ ဘယ်အချိန်လောက်အထိ စောင့်ဖို့ ဆန္ဒရှိသလဲဆိုတာကို တိတိကျကျ ပြောဆိုထားတာ မရှိသေးပါဘူး။

ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ငြိမ်းချမ်းရေး သဘောတူညီမှုနဲ့ ပတ်သက်လို့ အခြေအနေ နည်းနည်းလေး တိုးတက်အောင် လုပ်ဆောင်ထားပေမယ့် ဝါရှင်တန်နဲ့ ဆက်သွယ်ရတာ ခက်ခဲတယ်လို့ တုံ့ပြန်ထားပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ထရန့်က ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတရာထူးကို လက်ခံပြီးနောက်မှာတော့ ထရန့်က ဧပြီ၊ မေလလောက်မှာ သဘောတူညီမှု ရနိုင်တယ်ဆိုပြီး လေသံ ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.