ဘန်ကောက်၊ ဧပြီ ၁၈

ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဖျက်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် အကူအညီပေးရေး ကြိုးပမ်းမှုတွေအတွက် အထောက်အကူ ဖြစ်စေဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု သက်တမ်းတိုးဖို့ မြန်မာစစ်ကောင်စီနဲ့ အဓိကအတိုက်အခံ အုပ်စုတို့က ဖော်ပြခဲ့ကြတယ်လို့ မလေးရှားဝန်ကြီးချုပ်က ဧပြီ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒါတွတ် ဆီရီ အန်ဝါ အေဗရာဟင်က စစ်ကောင်စီ အကြီးအကဲ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်တို့နဲ့ ဧပြီ ၁၇ ရက် ဆွေးနွေးမှု ရလဒ်ကို အခုလိုမျိုး ထုတ်ဖော် ပြောကြားလာတာ ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲပြီး မလိုအပ်ဘဲ ရန်စတိုက်ခိုက်တာတွေ ရှိမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် အန်ဝါက ပြောကြားပြီး အဲဒီလိုမှမဟုတ်ရင် လူသားချင်း စာနာထောက်ထားရေး ကြိုးပမ်းမှုတွေ မအောင်မြင် ဖြစ်ရလိမ့်မယ်လို့ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောကြားထားပါတယ်။

စစ်ကောင်စီရဲ့ ဝန်ကြီးချုပ်၊ NUG အစိုးရတို့နဲ့ မိမိရဲ့ ကနဦး ဆွေးနွေးမှုတွေ အပြုသဘောဆောင်တယ်လို့ ဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။

လူပေါင်း ၄၀၀၀ နီးပါး သေဆုံးခဲ့တဲ့ မတ် ၂၈ ရက် ငလျင် လှုပ်ခတ်ပြီးနောက် NUG က အပစ်အခတ် ရပ်စဲထားမှာ ဖြစ်ကြောင်း ကြေညာအပြီး စစ်ကောင်စီကလည်း ရက် ၂၀ ကြာ အပစ်ရပ်ထားမှာ ဖြစ်တယ်လို့ ဧပြီ ၂ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ ဒေသတချို့မှာ စစ်ဆင်ရေးတွေ ဆက်လက် ပြုလုပ်နေပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လူသားချင်း စာနာထောက်ထားရေး ကြိုးပမ်းမှုတွေကို မိမိတို့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပြီး အကူအညီ ပေးပို့မှုမှာ ပါဝင်သူတွေရဲ့ ဘေးကင်းရေး အပစ်အခတ်ရပ်စဲရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အန်ဝါက ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.