ဂါဇာ၊ ဧၿပီ ၁၈
ဟားမာ့စ်အဖွဲ့အနေနဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ပြီးပြည့်စုံတဲ့ သဘောတူညီမှု တစ်ရပ် ရယူလိုပြီး အစ္စရေးမှာ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းသားတွေနဲ့အစ္စရေး ဓားစာခံ အားလုံးကို လဲလှယ်လိုတယ်လို့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ရဲ့ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားလိုက်ပါတယ်။
အစ္စရေးရဲ့ယာယီ ငြိမ်းချမ်းရေး သဘောတူညီဖို့ ကမ်းလှမ်းချက်ကို ပယ်ချပြီးနောက် ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်သူ ဟားမာ့စ်အဖွဲ့ရဲ့ ဂါဇာ ဒေသဆိုင်ရာ အကြီးအကဲ ခါလစ် အယ်လ် ဟေယာက မိမိတို့ အဖွဲ့ အနေနဲ့ ယာယီ သဘောတူညီမှုတွေကို သဘောတူ လက်မှတ်ရေးထိုးတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဟားမာ့စ်အဖွဲ့က အစ္စရေး လက်မခံလောက်တဲ့ အနေအထားအထိ သွားနေပြီး စစ်ပွဲအဆုံးသတ်ရေး နောက်ထပ် နှောင့်နှေးသွားစေခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနဲ့သူ့ရဲ့ အစိုးရဟာ သူတို့ရဲ့ နိုင်ငံရေး အရေးကိစ္စအတွက် တစ်စိတ်တစ်ပိုင်း သဘောတူညီမှုတွေကို အသုံးချနေပြီး မိမိတို့အနေနဲ့ အဲဒီ မူအတိုင်း လိုက်ပါ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ အကြီးအကဲ ဟေယာက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီက အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့ကြပေမယ့် ပြီးခဲ့တဲ့လမှာ ကျိုးပျက်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြန်အသက်ဝင်လာစေဖို့ အီဂျစ် ကြားဝင် ညှိနှိုင်းသူတွေက ကြိုးပမ်းနေပေမယ့် တိုးတက်မှု လက္ခဏာ အနည်းငယ်သာ တွေ့ရပြီး အစ္စရေးနဲ့ ဟားမာ့စ်တို့ အပြန်အလှန် စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

အစ္စရေးက ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ စစ်ပွဲ အဆုံးသတ်ရေး တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးမှုတွေ စတင်နိုင်ရေး ၄၅ ရက်ကြာ အပစ်အခတ် ရပ်စဲဖို့ အဆိုပြုထားပေမယ့် ဟားမာ့စ်အဖွဲ့က အမြဲတမ်း အပစ်ရပ်ရေးကိုပဲ အလိုရှိနေတာ ဖြစ်ပါတယ်။
လက်ကျန် ဓားစာခံ ၅၉ ဦးကို ပြန်မလွှတ်ပေးရင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အစ္စရေးက သတိပေးထားပါတယ်။
ဟားမာ့စ်က လက်နက်ဖြုတ်သိမ်းရေး တောင်းဆိုမှုကို ပယ်ချထားပြီး စစ်ပွဲ အဆုံးသတ်ရေးအတွက် လက်ကျန် ဓားစာခံတွေကို ပြန်လွှတ်ပေးမယ်လို့ ပြောဆိုထားပါတယ်။
Ref:Reuters