ဂျီနီဗာ၊ ဧပြီ ၁၈

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့အဆိုးရွားဆုံး ထိခိုက်ရာ ဒေသတွေမှာ ကုန်တင်ကားအစီးရေ ၁၂၅၀၀၀ စာနဲ့တူညီတဲ့အ ပျက်အစီးတန်ချိန် ၂ ဒသမ ၅ သန်းထက်မနည်း ထွက်ပေါ်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ ဧပြီ ၁၄ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ငလျင်ဗဟိုချက်ဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ မကွေးနဲ့ ရှမ်းပြည်နယ်ရှိ ဒေသခံတွေဟာ လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ ကျော်က ပြိုကျသွားခဲ့တဲ့ အဆောက်အဦ အပျက်အစီးတွေကြား အပြင်မှာပဲ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးစီမံကိန်း UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တီတွန်မစ်ထရာက သူ စစ်ကိုင်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း လူပေါင်း ၆၀၀၀၀ လောက် ယာယီအမိုးအကာအောက်မှာ နေထိုင်နေရဆဲဖြစ်တာကို တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

လူနေအိမ်နဲ့ အစိုးရအဆောက်အဦ ၁၀၀၀၀ ကျော် ဆိုးဆိုးရွာရွား ထိခိုက် ပျက်စီးသွားခဲ့ပြီး ကျန်းမာ ရေးအဆောက်အဦ ၁၂၈ ခုထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ ကုလကိုယ်စားလှယ် တီတွန်က ပြောပါတယ်။

ငလျင်ဘေးသင့် မြန်မာပြည်သူ ၁ ဒသမ ၁ သန်းကို ကူညီရေး ကုလသမဂ္ဂက နိုင်ငံတကာဆီကနေ ကန်ဒေါ်လာ ၂၇၅ သန်း တောင်းခံထားပါတယ်။

ငလျင်ကြောင့် လူနေအိမ် ၄၈၈၃၄ လုံး၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၃၀၉၄ ခု၊ စာသင် ကျောင်း ၂၀၄၅ ခု ၊ ရုံးနဲ့ အဆောက်အဦ ၂၁၇၁ ခု၊ တံတား ၁၄၈ စင်း၊ စေတီပုထိုး ၅၂၇၅ ခု ပျက်စီးသွားခဲ့ကြောင်း စစ်ကောင်စီ က ပြောထားပါတယ်။

ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတွေကို ရှင်းလင်းဖို့ မြေတူးစက်ငှားရမ်းခကလည်း ဈေးအဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။

Ref:DVB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.