ဘားအံ ဧပြီ ၁၆
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်ထဲမှာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သား ၁၆ ဦး သေဆုံးသွားခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU နယ်မြေ ကျုံဒိုးမြို့နယ် ကျုံဒိုး-ကော့ကရိတ် ကားလမ်းမတလျှောက်မှာရှိတဲ့ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင်၊ ရေပူ စတဲ့ ကျေးရွာတွေမှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့ ညပိုင်းကတည်းက နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် စတင်ဖြစ်ပွားခဲ့တာပါ။

မနေ့ ဧပြီ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာလည်း ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးက ကျေးရွာတွေမှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းကို အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။
ဧပြီ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့အနီး နွားခြံကုန်းရွာထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးတိမ်းရှောင်မယ့် ကားတစ်စီးအပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ စစ်ရှောင်အရပ်သား ၁၀ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“စစ်ပြေးတဲ့မိသားစုကားပေါ် လက်နက်ကြီးကျတာ မိသားစု ၁၀ ယောက်လုံး သေဆုံးသွားတယ်” လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံဒိုးမြို့အနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း ကော့ဝါးလဲ၊ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေအများအပြား ကျေးရွာထဲမှာ ပိတ်မိနေကြပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဝင်လို့မရတဲ့အခြေအနေ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက အသိပေးထားပါတယ်။
ဒါ့အပြင် ကျုံဒိုးမြို့ အနောက်ဘက်ကမ်း ကမ်းနီစံပြကျေးရွာထဲကိုလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဧပြီ ၁၅ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၄ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးသွားခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ဧပြီ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုထဲမှာ ကမ်းနီဘုန်းကြီးကျောင်းက ကိုရင် ၈ ပါး ဦးဇင်း ၂ ပါးနဲ့ အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MLA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီကနေ ဧပြီ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ မနက်အစောပိုင်းမှာလည်း စစ်ကောင်စီတပ်က ကျုံဒိုးမြို့အနီးက နွားခြံကုန်း လေးတိုင် ငါးတိုင် ကျေးရွာတွေထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် နေအိမ်ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Chit Myo Myo Myo