ပြုံယမ်း၊ ဧပြီ ၁၅

ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ရေတပ်ရေယာဉ်အုပ်စုက အကြီးမားဆုံးသင်္ဘောထက် နှစ်ဆလောက်ပိုကြီးမယ့် စစ်သင်္ဘောတစ်စီး မြောက်ကိုရီးယား တည်ဆောက်နေတာကို ဂြိုလ်တုပုံရိပ်အသစ်တွေမှာ ဖော်ပြထားပါတယ်။

အမှီအခိုကင်းတဲ့ ဂြိုလ်တုဝန်ဆောင်မှုလုပ်ငန်း Maxar Technologies and Planet Labsရဲ့ ဧပြီ ၆ရက်က ဖော်ပြခဲ့တဲ့ ပုံရိပ်တွေမှာ မြို့တော်ပြုံးရမ်း အနောက်တောက်ဘက် ၃၇မိုင်အကွာ မြောက်ကိုရီးယား အနောက် ဘက် ကမ်းရိုးတန်းပေါ်ရှိ နမ်ပိုကျင်းရေထဲမှာ သင်္ဘောကြီးတစ်စီး တည် ဆောက်တာကို တွေ့မြင်ရတာပါ။

ရေပြင်နဲ့ မြေပြင်ရှိ ပစ်မှတ်တွေကို ဒေါင်လိုက်လွှတ်တင်ပစ်ခတ်နိုင်တဲ့ လောင်ချာတွေ တပ်ဆင်ဖို့ ဒီဇီုင်းဆွဲ ထားတဲ့ သင်္ဘောရဲ့အတွင်းပိုင်း စနစ်တွေ လက်နက်တွေ တည်ဆောက်နေတာကို ဂြိုလ်တု ဓာတ်ပုံတွေထဲမှာ တွေ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်သင်္ဘောဖြစ်နိုင်တဲ့ အဲဒီသင်္ဘောဟာ ၄၅၉ပေ အထိရှည်နိုင်ပြီး မြောက်ကိုရီးယားမှာ တည်ဆောက်ဖူးခဲ့သမျှ စစ်သင်္ဘောတွေထဲ အကြီးမားဆုံး ဖြစ်တယ်လို့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး စင်တာရဲ့ သုတေသီတွေဖြစ်တဲ့ ဂျိုးဆက်ဖ် ဘာမူဒက်ဇ်နဲ့ ဂျနီဖာ ဂျွန်တို့ကပြောပါတယ်။

နှိုင်းယှဉ်ရမယ်ဆိုရင် အမေရိကန်ရဲ့ Arleigh Burkeအဆင့် ဖျက်သင်္ဘောတွေဟာ အလျား ၅၀၅ပေရှည်ပြီး အခုတည်ဆောက်တဲ Constellationအဆင့် ဖရီးဂိတ် သင်္ဘောဟာ ၄၉၆ပေ ရှည်မှာ ဖြစ်ပါတယ်။

ကင်ဂျုံအန်အစိုးရဟာ မြောက်ကိုရီးယားစစ်တပ်ကို ခေတ်မီအောင် ကြိုးပမ်းနေပြီး အမေရိကန်ရဲ့ ဘယ်နေရာ ကိုမဆို ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်လုံး စမ်းသပ်ထားသလို အဆင့်မြင့် လက်နက်တွေ ထုတ်လုပ် စမ်းသပ်နေပါတယ်။

အဲဒီလက်နက်တွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေနဲ့ နည်းပညာတွေအပေါ် ကုလသမဂ္ဂက ကန့်သတ်တဲ့ အနေနဲ့ မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ထား ပါတယ်။

ဒါပေမဲ့ယူကရိန်းစစ်ပွဲစကတည်းက မြောက်ကိုရီးယားနဲ့ ရုရှားကြား ဆက်ဆံရေး အားကောင်းလာတာကြောင့် ပြုံရမ်း အနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ကျော်လွှားရေး မော်စကိုဆီက အကူအညီရနေတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဖရီးဂိတ်သင်္ဘောရဲ့ ဒုံးကျည်စနစ်နည်းပညာအတွက် မော်စကိုက မြောက်ကိုရီးယားကို ကူညီပေးနေတာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား အငြိမ်းစား ရေတပ် ဗိုလ်ချုပ် ကင်ဒက်ခီက ပြောပါတယ်။

မြောက်ကိုရီးယားမှာ ကင်းလှည့် တိုက်ခိုက်ရေး ရေယာဉ် ၄၀၀၊ ရေငုပ်သင်္ဘော အစီး ၇၀ ရှိတယ်လို့ အမေရိကန် ထောက်လှမ်းရေး ဌာနရဲ့ ၂၀၂၁ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.