ကွာလာလမ်ပူ၊ ဧပြီ ၁၅
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ တွေ့ဆုံပြီး ငလျင်ဘေးကယ်ဆယ်ရေးအတွက် အထောက်အကူဖြစ်စေဖို့ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြား အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးရေး တွန်းအားပေးသွားမယ်လို့ မလေးရှားဝန် ကြီးချုပ် အန်ဝါအေဗရာဟင်က ပြောပါတယ်။
အခုနှစ် အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် အန်ဝါက ဧပြီ ၁၇ရက် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတာဟာ လူ သားချင်း စာနာထောက်ထားရေး အကြောင်းရင်းကြောင့်ဖြစ်ပြီး အာဆီယံအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုဆက်ရှိမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
ဧပြီ ၁၇ရက် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ မိမိအနေနဲ့ တိုက်တွန်းသွားမှာဖြစ်ကြောင်း အန်ဝါကထည့်သွင်း ပြောကြားခဲ့ပါတယ်။
ငလျင်ဘေးကြောင့် အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေက ကြေညာခဲ့ကြပေမယ့် သဘောတူညီမှုကို ချိုးဖောက်တယ်ဆိုပြီး အပြန်အလှန်စွပ်စွဲမှုတွေ ထွက်ပေါ်နေတာပါ။
အာဆီယံက ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်မယ်လို့ မျှော်လင့်နေပြီး စစ်ကောင်စီက လိုက်နာမှုမရှိတာကြောင့် ဒေသဆိုင်ရာ အစည်းအဝေးတွေကနေ စစ်ကောင်စီကို တား မြစ်ထားပါတယ်။ မလေးရှားအနေနဲ့ မြန်မာနိုင်ငံမှာ ယာယီဆေးရုံတွေဖွင့်လှစ်ပြီး ဆက်လက်ကူညီပေးသွားမှာဖြစ်တယ်လို့ အန်ဝါကဆိုပါတယ်။
အခုလ စောစောပိုင်းက မင်းအောင်လှိုင်ဟာ ဘန်ကောက်မှာကျင်းပတဲ့ ဒေသဆိုင်ရာ အစည်းအဝေးတစ်ခုသို့ တက်ရောက်ခဲ့ပြီး ဘူလ်တန်ဝန်ကြီးချုပ်အပါအဝင် သူ့ကိုလက်ခံတွေ့ဆုံခဲ့သူတွေဟာ ဝေ ဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Ref:Reuters