ကော့ကရိတ်၊ ဧပြီ ၁၅

ကော့ကရိတ်မြို့တွင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကိုလက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ ပြည်သူ (၈) ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တွေပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ၁၀ ရက်နေ့ ညနေ ၆း၀၀ ဝန်းကျင်အချိန်ခန့်က ကော့ကရိတ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မောင်းမရွာသစ်ကျေးရွာထဲကို ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် (၅၅) နှစ်အရွယ် အမျိုသားတစ်ဦးနဲ့ အသက် ၅၀နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ ည ၁၀း၂၇ မိနစ် အချိန်ခန့်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁၂၀ မမ နှင့် ၁၂၂ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကေအဲန်ယူ – ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ အံကောင်ကျေးရွာ၊ ကျိုက်သလိုက်ကျေးရွာ နဲ့ဒေါက်ပလန်ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တာပါ။

အဲဒီလက်နက်ကြီး ပေါက်ကွဲထိမှန်မှုကြောင့် အံကောင်ကျေးရွာရှိ ပြည်သူနေအိမ် (၂) လုံးထိမှန် ပျက်စီးခဲ့ပြီး အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၂၆နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၉နှစ်အရွယ် ယောက်ျားလေးတစ်ဦး နဲ့ အသက် (၆) နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးကာလဖြစ်ပေမယ့်လည်း စစ်ကောင်စီတပ်ကတော့ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ နေ့စဉ်နှင့်အမျှ လိုက်ခံပစ်ခတ်လျှက်ရှိကြောင်း ဒူးပလာခရိုင်ရဲ့ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ အခုနှစ်သင်္ကြန်ပွဲတော်ကို ငလျင်ဘေးဒဏ်ခံစားခဲ့ရတဲ့ဒေသတွေမှာ နစ်နာဆုံးရှုံးခဲ့မှုတွေကို စာနာတဲ့အနေနဲ့ အပျော်အပါး၊ သီဆိုကခုန်တာမပါဘဲ အေးသင်္ကြန်အဖြစ် ကျင်းပနေတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.