ဘန်ကောက် ဧပြီ ၁၄
မြန်မာနိုင်ငံမှာ မကြားသေးခင်က ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းလုပ်ဆောင်မှုတွေကို ဆွေးနွေးဖို့ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံဟာ အခုသီတင်းပတ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ရှိနေပါတယ်။
အာဆီယံဥက္ကဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်နဝါ အီဘရာဟမ်က အဲဒီအစည်းအဝေးဟာ ဆေးဘက်ဆိုင်ရာ အကူအညီတွေအပါအဝင် ထောက်ပံ့အကူအညီတွေ အဆင်ပြေချောမွေ့စေရေး ဖြည့်ဆည်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
အာဆီယံအလွတ်သဘော အကြံပေးသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှာနာဝါထရာနဲ့ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာတို့နဲ့ တွေ့ဆုံပွဲပြီး ဘန်ကောက်မြို့မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပွဲ လုပ်ဖို့ စီစဉ်ထားတယ်လို့ မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။
ဝန်ကြီးချုပ် အန်နဝါက “အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် တူညီဆန္ဒ ငါးချက် သဘောတူညီမှုမှာ လိုအပ်ချက် ရှိနေပေမယ့် လက်ရှိ ကြုံတွေ့နေရတဲ့ ပြင်းထန်ငလျင်ဘေးဒဏ်ကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လွယ်ကူချောမွေ့စေဖို့ ရည်ရွယ်ပါတယ်” လို့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လပတ်အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။
မလေးရှားနိုင်ငံကိုယ်စား ဝန်ကြီးချုပ် အန်နဝါက မြန်မာနိုင်ငံမှာ စစ်တပ်ဦးစီးတဲ့ ဆေးရုံကို ဆက်လက်ထောက်ပံ့ပေးဖို့ ဝန်ကြီးများအဖွဲ့ကလည်း သဘောတူထားပြီးပြီလို့ ပြောပါတယ်။
အာဆီယံအဖွဲ့ကြီးရဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆောင်ရွက်ဖို့ မြန်မာစစ်တပ်ဘက်က လုပ်ဆောင်ခြင်း မရှိတာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့်ကို စစ်ခေါင်းဆောင်အနေနဲ့ တားမြစ်ခံထားရတာပါ။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့နဲ့ နိုင်ငံရေးအတိုက်အခံတွေလို့ ယူဆတဲ့ အုပ်စုတွေအပေါ် တိုက်ခိုက်မှုတွေကိုလည်း ရပ်တန့်ဖို့ အဲဒီတွေ့ဆုံပွဲမှာ အဆိုပြုမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဝန်ကြီးချုပ် အန်နဝါက “ဧပြီ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ဘာသာရေး အားလပ်ရက်ကြီးတစ်ခုဖြစ်ပေမယ့် သူ(မင်းအောင်လှိုင်) ကတော့ ကျနော့်ကိုတွေ့ဖို့ ဘန်ကောက်ကို လာပြီး ချက်ချင်းပြန်မှာပါ” လို့ ပြောပါတယ်။
သူက “ကျနော်တို့က အိမ်နီးချင်းတွေနဲ့ အာဆီယံရဲ့ အစိတ်အပိုင်းတွေ ဖြစ်တာကြောင့် ကျနော်တို့ ကူညီလိုတဲ့အကြောင်း ဖုန်းခေါ်ပြီး ပြောခဲ့ပါတယ်။ လူတွေ ထိခိုက်နာကျင်နေရတဲ့အတွက် စစ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် အခုတော့ ရပ်လိုက်ကြရအောင်ပါ။ အပစ်အခတ်ရပ်စဲရေး တည်ဆောက်ရအောင်ပါ” လို့ ပြောလာပါတယ်။
ဝန်ကြီးချုပ်က “နှစ်ရက်အကြာမှာတော့ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပါတယ်။ အဲဒါက ကျနော့်အဆိုပြုချက်ကြောင့် ဖြစ်ချင်မှ ဖြစ်လိမ့်မှာပါ။ ဒါပေမယ့် ကျနော်ကိုယ်တိုင်နဲ့ အာဆီယံကိုယ်စား ဒီကိစ္စကို အထူးအလေးပေး ဆောင်ရွက်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
လာမယ့် ဧပြီ ၁၇ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး သက်တမ်းထပ်တိုးဖို့ တောင်းဆိုမှာဖြစ်ပြီး မလေးရှားသဘာဝဘေး အထူးအထောက်အပံ့နဲ့ ရှာဖွေရေးအဖွဲ့ကို စေလွှတ်မှာ ဖြစ်တဲ့အပြင် အဲဒီအဖွဲ့ရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း ခိုင်ခိုင်မာမာ ရှိစေချင်တယ်လို့လည်း ပြောပါတယ်။
မလေးရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် အကူအညီပေးနေမှုကို ဝေဖန်နေကြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒီကိစ္စကို မဖြေရှင်းဘူးဆိုရင် အိမ်နီးချင်းနိုင်ငံတွေက ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့လည်း ပြောတာပါ။
ဝန်ကြီးချုပ်က “တကယ်လို့ ပြဿနာကို မဖြေရှင်းဘူးဆိုရင် ရိုဟင်ဂျာ ၂ သိန်းလောက်က မလေးရှားကို လာကြပြီး မူးယစ်မှောင်ခိုမှုတွေလည်း တိုးလာနိုင်ပါတယ်” လို့ သတိပေး ပြောကြားခဲ့ပါတယ်။
Ref:NST