ကော့သောင်း၊ ဧပြီလ ၁၃
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု သောင်ဖြူဖြူကျေးရွာမှာ အမျိုးသား ၁ ဦး ဧပြီ ၁၂ ရက် ညမှာ နေအိမ်အတွင်း ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီနေ့ ည ၇ နာရီကျော်ခန့်မှာ မြင့်လွင်ဦးဆိုသူ အမျိုးသားဟာ နေအိမ်မှာ ရှိနေချိန် ကော့သောင်းမြို့နယ် မြို့ပြပြောက်ကျား (ဗိုလ်သမန်းကျား) အဖွဲ့က နေအိမ်ထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပစ်သတ်ခံရသူကတော့ စကစနဲ့ပေါင်းပြီး မြေအရောင်းအဝယ်လုပ်သူလို့တော့ သိထားရတယ်။ ပစ်တာက မြို့ပြပြောက်ကျားအဖွဲ့က လုပ်တာလို့တော့ လောလောဆယ် သိထားရတယ်။ ပစ်ခံရပြီး နေအိမ်မှာပဲ သေတာ” လို့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
နေအိမ်အတွင်း သေနတ်နဲ့ အနီးကပ် အပစ်ခံရလို့ မြင့်လွင်ဦးမှာ ဦးခေါင်းနဲ့ခန္ဓာကိုယ်မှာ ကျည်ထိဒဏ်ရာတွေရရှိပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ သိရသလောက်က သူက အိမ်ခြံမြေ အရောင်းအဝယ်လုပ်တာရှိတယ်ဆိုတော့ သိရတယ်။ အဲဒီ လုပ်ငန်းတွေလုပ်တာ ဆိုရင်တော့အနည်းနဲ့အများ စကစတွေနဲ့ပတ်သက်ရတာ ရှိမှာပါ။ စကစသတင်းပေး လုပ်တာဟုတ် မဟုတ်တော့ မသိရဘူး။ ပစ်သတ်ခံရလို့တော့ သေသွားတာ” လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
မြင့်လွင်ဦးဟာ ပြည်သူပိုင် ဥယျာဉ်၊ ခြံမြေတွေကို စစ်တပ်၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး အဓမ္မသိမ်းယူကာ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေသူဖြစ်ပြီး သူ့ကို အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မြေသိမ်းမှုတွေ ဆက်လက်လုပ်ကိုင်နေတဲ့အတွက် ဝင်ရောက် ရှင်းလင်းခဲ့ခြင်း ဖြစ်တယ်လို့ ကော့သောင်းမြို့နယ် မြို့ပြပြောက်ကျား (ဗိုလ်သမန်းကျား) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီအမျိုးသားကို ပစ်ခတ် ရှင်းလင်းစဉ် နေအိမ်မှ မတရားသိမ်းဆည်းထားတဲ့ မြေကွက်စာချုပ်တွေ၊ ဘဏ်စာအုပ် ၄ အုပ်၊ လက်ကိုင်ဖုန်း ၂ လုံး၊ ငွေသား ဘတ် ၄၀၀၀ နဲ့ မြန်မာငွေသိန်း၂၀ တိတိ၊ ဆက်သွယ်ရေးစကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ကလည်း ကော့သောင်းမြို့နယ် ဖော့သုတ်ကျေးရွာအနီးမှာ ဆက်ကြေးကောက်ပြီးပြန်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ ပစ်ခတ်ခံရလို့ ရဲအုပ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ