ဝါရှင်တန်၊ မတ် ၃၁
တီဟီရန်ရဲ့ နျူကလီယားစီမံကိန်းနဲ့ ပတ်သက်လို့ ဝါရှင်တန်နဲ့ သဘောတူညီမှု မရယူဘူးဆိုရင် ဗုံးကြဲတိုက်ခိုက်မှာ ဖြစ်သလို အခွန်အတုပ်တွေ ပြဌာန်းသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ် ၃၀ ရက်မှာ အီရန်ကို ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်နဲ့ အီရန်အရာရှိတွေ ဆွေးနွေးခဲ့ကြတယ်လို့ NBC News က ဖော်ပြပေမယ့် နောက်ထပ် အသေးစိတ်ကို ဖော်ပြထားတာ မရှိပါဘူး။

အီရန်က မယုံကြည်ရတဲ့ အမေရိကန်နဲ့ တိုက်ရိုက်ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောကြားပြီးနောက် ထရန့်က အခုလိုမျိုး ပထမဆုံး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူတို့အနေနဲ့ သဘောတူညီမှု မရယူဘူးဆိုရင် သူတို့ကို ဗုံးကြဲပစ်မယ်လို့ ထရန့်က တယ်လီဖုန်းနဲ့ ဆက်သွယ် ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လေးနှစ်က အီရန်အပေါ် မိမိပြုလုပ်ခဲ့သလိုမျိုး အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ထရန့်က ဖြည့်စွက် ပြောကြားထားတာပါ။

သမ္မတ ထရန့်က နျူကလီးယား သဘောတူညီမှုအသစ် တစ်ခု ရယူရေး တိုက်တွန်းတဲ့ စာကို အိုမန်နိုင်ငံက တစ်ဆင့် အီရန်ဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တိုက်ရိုက် ညှိနှိုင်းမယ့် အဆိုပြုချက်ကို မိမိတို့ ပယ်ချလိုက်ပေမယ့် တိုက်ရိုက် မဟုတ်တဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ အီရန်သမ္မတ မာဆောက် ပီဇက်ခီယန်နဲ့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီတို့က ပြောဆိုထား ပါတယ်။
ထရန့်ဟာ သူ့ရဲ့ ပထမသမ္မတ သက်တမ်းအတွင်း ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အီရန်ကြား ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီမှုကနေ အမေရိကန်ကို နုတ်ထွက်စေခဲ့ပြီး ပိုကောင်းတဲ့ သဘောတူညီမှု ရယူသွားမယ်လို့ ကြေညာခဲ့တာပါ။
ထရန့်က အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေလည်း ပြန်လုပ်ခဲ့ပြီး အဲဒီနောက်ပိုင်း အီရန်က ယူရေနီယံသန့်စင်မှုကို တားမြစ်ချက်ထက် အများကြီး ပိုမို လုပ်ဆောင်လာခဲ့ပါတယ်။
အီရန်ဟာ နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ အနောက်နိုင်ငံတွေက သံသယရှိနေပေမယ့် တီဟီရန်က မိမိတို့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့သာ ပြောဆိုထားတာဖြစ်ပါတယ်။
Ref:Reuters