မန္တလေး၊ မတ် ၃၁
ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF ရဲ့ စိုးမိုးထိန်းချုပ်နယ် မြေအတွင်းရှိ ငလျင်ဒဏ်သင့်တဲ့ ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်လိုတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်း ကြိုဆိုနေပြီး အဲဒီအဖွဲ့အစည်းရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံတယ်လို့ မန္တလေး MDY-PDF က မတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက် နေ့လယ် ၁ နာရီအချိန်ခန့်မှာ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့အနီးကို အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာပါ။

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်အပါအဝင် နေရာ အများအပြားမှာ ပြည်သူတွေရဲ့ တိုက်တာ နေအိမ်၊ ဘာသာရေး အဆောက်အဦနဲ့ သမိုင်းအမွေအနှစ်တွေ ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝန်းမှာ ငလျင်ဒဏ်ကြောင့် လူပေါင်း ၃၀၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရပြီး ဘာသာရေးအဆောက်အအုံ ၁၂၃ လုံးခန့်နဲ့ ဘုရားစေတီ ၁၅၇ ခုခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် MDY-PDF ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် ပြည်သူတွေအား ကူညီကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပေးလိုတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကို ကြိုဆိုနေပြီး လုံခြုံရေးကိုလည်း အပြည့်အဝ အာမခံပြီး လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ် ဆောင်သွားဖို့ အသင့်ရှိတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အင်အားကြီး ငလျင်ကြီးတွေရဲ့ နောက်ဆက်တွဲ ငလျင်တွေ ထပ်မံဖြစ်ပေါ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးဂရုစိုက် နေထိုင်သွားလာကြဖို့ MDF-PDF က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MDY PDF