နောင်ချို၊ မတ် ၃၁
မန္တလေးနဲ့ စစ်ကိုင်းအပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ ငလျင်ကပ်ဘေး ကြုံနေရချိန် ဒီနေ့ မတ် ၃၁ ရက်မှာ စစ်ကောင်စီက ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
မတ် ၃၁ ရက် မနက် ၁၀ နာရီ ၁၀ မိနစ်အချိန်မှာ စစ်ကောင်စီက ၁၂၀ မမ ဗုံးသီး သယ်ဆောင်လာတဲ့ ဒရုန်းနဲ့ တစ်ကြိမ် လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို တိုက်ခိုက်မှုကြောင့် ထိမှန် ပျက်စီးမှု ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက် ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျုရှိတဲ့ ငလျင်ကြီး လှုပ်ခတ်နေချိန် မွန်းလွဲ ၁ နာရီ ၅ မိနစ် နောင်လင်ကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာတစ်စင်းက ပေါင် ၂၅၀ ဗုံး နှစ်လုံး လာရောက် ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒုတိယအကြိမ်မြောက်အဖြစ် မတ် ၂၆ ရက်မှာ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာ၊ သုံးဆယ်ကျေးရွာနဲ့ ရွှေညောင်ပင်ကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဒေသခံ ၄ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဒါကြောင့် အများပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိရမှာဖြစ်ပြီး လေကြောင်းရန် ကာကွယ်နိုင်ရေး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း TNLA က ဒီနေ့ မတ် ၃၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – PSLF/TNLA