မော်လမြိုင်၊ မတ် ၃၁
အင်အားကြီး မြေငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်မြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ အများပြည်သူတို့နဲ့အတူ ကြေကွဲဝမ်းနည်းရပြီး အရေးပေါ် လိုအပ်မှုတွေကို တုံ့ပြန်ကူညီဆောင်ရွက်နိုင်ဖို့ တတ်နိုင်တဲ့နည်းလမ်းတွေကနေ ပါဝင်သွားမယ်လို့ KNU ဗဟိုက မတ်လ ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၇ ဒသမ ၇ ရစ်တာစကေးရှိတဲ့ အင်အားကြီးမြေငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်မြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် စိုးရိမ်ပေးကြကာ အချိန်တိုကာလအတွင်း ကူညီဖို့ ကမ်းလှမ်းရောက်ရှိလာကြတဲ့ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအပြင် ဒေသခံပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေတို့ရဲ့ ကူညီမှုတွေကို ကြိုဆိုပြီး အထူးကျေးဇူးတင်တယ်လို့ KNU က ဆိုပါတယ်။

ပြည်သူအများ မြေငလျင်ဒဏ်ကို ပြင်းထန်စွာခံစားနေရချိန်မှာ စစ်ကောင်စီအနေနဲ့ အရပ်သားနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက် ကျူးလွန်နေတာတွေကိုလည်း ဝမ်းနည်းစွာ တွေ့ရှိရတယ်လို့ KNU က ဆိုထားပါတယ်။

သာမန်အခြေအနေမှာ နိုင်ငံတစ်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်ဟာ ဦးစွာ ပါဝင်ကြရပေမယ့် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ရှိတဲ့ စစ်တပ်ဟာ တိုင်းပြည်ရဲ့ ကြွယ်ဝမှုနဲ့ အခွင့်ထူးတွေကို ရယူအလွဲသုံးစားပြုလုပ်ပြီး ပြည်သူကို ဦးတည်တိုက်ခိုက်ဖို့သာ တပ်စွဲဖြန့်ကျက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ငလျင်ဘေးသင့်တဲ့ ပြည်သူတွေဟာ စစ်ကောင်စီထိန်းချုပ်နယ်မြေအောက်မှာရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ ရှိနေတာကို သတိမူပြီး ငလျင်ဘေးအကူအညီပေးအပ်ရာမှာ အပြိုင်အကူအညီပေးတဲ့ လုပ်ငန်းစဉ်တွေကို အခြေခံကာ မြေပြင်ပေါ်မှာ အကူအညီပေးနေတဲ့ ဒေသခံအသိုင်းအဝိုင်းတွေကနေတစ်ဆင့် အမှန်တကယ်လိုအပ်နေသူတွေထံ ရောက်ရှိရေးလုပ်ဆောင်ဖို့ နိုင်ငံတကာကို KNU က တိုက်တွန်းပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ်ကာလက မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေအတွက် လက်ခံရရှိတဲ့ နိုင်ငံတကာအကူအညီတွေကို စစ်အုပ်စုက ၎င်းတို့ရဲ့ အကျိုးစီးပွားအတွက် အသုံးချသွားတဲ့ သမိုင်းကြောင်းရှိတာဖြစ်တဲ့အတွက် အခု ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေအတွက် ပေးအပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထုတ်စေဖို့အတွက် အနီးကပ် အကဲဖြတ်စောင့်ကြည့်တဲ့လုပ်ငန်းစဉ်ကို ထည့်သွင်းထားဖို့ တိုက်တွန်းထားပါတယ်။
KNU အနေနဲ့လည်း အရေးပေါ်လိုအပ်မှုတွေကို တုံ့ပြန်ကူညီဆောင်ရွက်နိုင်ဖို့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ တတ်နိုင်တဲ့နည်းလမ်းကနေ ပါဝင်သွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI