မော်လမြိုင် မတ် ၃၁

မြန်မာနိုင်ငံမှာ လူပေါင်း ၁၇၀၀ လောက်ကို သေဆုံးစေခဲ့တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး တစ်တိုင်းပြည်လုံး အလူးလူးအလဲလဲ ဖြစ်နေချိန် ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ကြောင်း မတ် ၃၀ ရက်မှာ စစ်ကောင်စီအစိုးရကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွန်းလှန်ရေး လှုပ်ရှားမှုအဖွဲ့တစ်ခုက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားစစ်တပ်တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က လူထုဟာ ငလျင်လှုပ်ခတ်မှုကြောင့် ဆိုးရွားပြင်းထန်မှုတွေ ခါးစည်းခံနေရချိန် အရပ်သားတွေ ရှိရာနေရာတ‌ွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုလာတာပါ။

ပုံမှန်အခြေအနေမှာဆိုရင် စစ်တပ်ဟာ ဘေးဒဏ်လျော့ပါး သက်သာစေရေး ကြိုးပမ်းမှုတွေကို ဦးစားပေးနေရမှာဖြစ်ပေမယ့် အခုတော့ ကိုယ့်ပြည်သူတွေကို တိုက်ခိုက်ဖို့ တပ်ဖွဲ့တွေ တပ်ဖြန့်ဖို့ကိုသာ အရေးထားနေတယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရကတော့ အခုလိုဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ရိုက်တာရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရဆီကနေ အာဏာရယူခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက လက်နက်ကိုင် အတိုက်အခံအုပ်စု တော်တော်များများနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့တာပါ။

မတ် ၂၈ ရက်မှာ ဖျက်အားပြင်း ငလျင်ကြီးလှုပ်ခဲ့ပြီး မရှေးမနှောင်းမှာပဲ စစ်တပ်ဂျက်လေယာဉ်တွေက ကရင်ပြည်နယ်က KNU ဌာနချုပ်အနီး မှာ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ Free Burma Rangers အဖွဲ့က ပြောပါတယ်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လာခရစ်ရှနန်ကတော့ အဲဒီသဘာဝဘေးကိစ္စ အာဆီယံက ဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးပြီးတဲ့နောက် အကူအညီဖြန့်ကျက်တာတွေကို ကူညီဖို့ ချက်ချင်း အပစ်ရပ်ရေး တောင်းဆိုထားပါတယ်။

“(ဘယ်လာခရစ်ရှနန်) က လူသားစာနာအကူအညီတွေ ဖြန့်ဝေဖို့ လုပ်ဆောင်မှုတွေ ကြာရှည်ခံမယ့် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်စေဖို့ မြန်မာနိုင်ငံမှာ ချက်ချင်းနဲ့ သက်ရောက်မှုရှိမယ့် အပစ်ရပ်ရေး တောင်းဆိုထားပါတယ်။” လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျုရှိတဲ့ ငလျင်ကြီးဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒေသမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပေမယ့် ပျက်စီးမှု အတိုင်းအတာက ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားသူတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့အထိ သက်ရောက်မှုတွေ ရှိခဲ့တာပါ။

မတ် ၃၀ ရက်မှာတော့ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရက နှစ်ပတ်ကြာ ထိုးစစ်လုပ်ငန်းတွေကို ရပ်ဆိုင်းထားထားဖို့ စစ်တပ်ဆန့်ကျပ်ရေး တပ်ဖွဲ့တွေကို အမိန့်ပေးထားကြောင်း ပြောဆိုထားတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

Crisis Group ရဲ့ အကြီးတန်းမြန်မာအကြံပေး ရစ်ချက်ဟော်ဆေးက စစ်တပ်ဆန့်ကျင်ရေး တပ်ဖွဲ့တချို့ဟာ သူတို့ရဲ့ ထိုးစစ်တွေကို ရပ်တန့်လိုက်ပြီဖြစ်ပေမယ့် တိုက်ခိုက်မှုတွေကတော့ နေရာတချို့မှာ ရှိနေဆဲပဲလို့ ဆိုပါတယ်။

“စစ်တပ်က ငလျင်ဘေးသင့် ဒေသတွေမှာပါ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အဲဒါတွေ ရပ်ရပါမယ်။” လို့ ရစ်ချက်ဟော်ဆေးက ပြောတာပါ။ နောက်ပြီး စစ်တပ်က ငလျင်ဒဏ်သင့် ဒေသတွေမှာ သိသာမြင်သာတဲ့ ထောက်ပံ့ကူညီမှုတွေ မလုပ်ပေးသေးဘူးလို့လည်း ဆိုပါတယ်။

သူက “ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့တွေ၊ လူနာတင်ယာဉ်ဝန်ထမ်းတွေနဲ့ ဒေသအဖွဲ့အစည်းတွေပဲ လှုပ်ရှားနေပေမယ့် ဒီလိုအကြပ်အတည်းမျိုးဆို ပုံမှန် ထောက်ပံ့ကူညီလေ့ရှိတဲ့ စစ်တပ်ကိုတော့ ဘယ်နေရာမှာမှ မတွေ့ရပါဘူး။” လို့ ဆိုပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.