နေပြည်တော် ၊ မတ် ၃၁

ငလျင်ကြောင့် ဘေးသင့်ခဲ့ရတာတွေအတွက် စာနာနားလည်မှုတွေနဲ့အတူ ထပ်တူခံစားလို့ မတ် ၃၁ ရက်နေ့ကစပြီး ၇ ရက်ကြာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် စစ်ကောင်စီက သတ်မှတ်ကြေညာပါတယ်။

မတ် ၂၈ ရက်နေ့က မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှာ ပြင်းအား ၇ ဒသမ ၇ ရစ်ခ်တာစကေးရှိ အလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ များစွာ ဖြစ်ပေါ်နေတာပါ။

ဒီအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် မတ် ၃၁ ရက်နေ့ကစပြီး ဧပြီ ၆ ရက်နေ့အထိ သတ်မှတ်ပြီး အဲဒီရက်တွေအတွင်း နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချလို့ လွှင့်ထူကြဖို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မတ် ၃၁ ရက်နေ့ မနက်ပိုင်း စာရင်းတွေအရ သေဆုံးသူ ၁၇၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၃၄၀၀ ကျော်ရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၃၀၀ ကျော်လည်းရှိနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ငလျင်သင့်ဒေသတွေဖြစ်တဲ့ နေပြည်တော်အပါအဝင် မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းတို့ကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီကြေညာထားပြီး နိုင်ငံတကာက အဖွဲ့တွေနဲ့အတူ ပြည်တွင်းက အဖွဲ့တွေလည်း ကူညီကယ်ဆယ်ရေးမှာ ပါဝင်နေကြတာပါ။

အဲဒီကယ်ဆယ်ရေးလုပ်ဆောင်နေကြတဲ့ထဲမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် အကာအကွယ်ပေးမယ့် ဦးထုပ်၊မျက်မှန်နဲ့ လက်အိတ်တွေ နိုင်ငံတကာက အကူအညီပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၃၁ ရက်နေ့မှာ ပြောပါတယ်။

တစ်ဘက်မှာတော့ ထိုင်ဝမ်က အရေးပေါ်ငလျင်ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံကို လာရောက်ပြီး ကယ်ဆယ်ရေးတွေလုပ်ဖို့ အသင့်ပြင်ဆင်ထားပေမယ့် စစ်ကောင်စီက ပြည်ဝင်ခွင့် မပေးတဲ့အတွက် အစီအစဉ်ရပ်ဆိုင်းခဲ့ရတယ်လို့ CNA သတင်းဌာနက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.