မော်လမြိုင် ၊ မတ် ၃၀
မွန်ပြည်နယ် မော်လမြိုင်မြို့က ရာနဲ့ချီတဲ့ နေအိမ်တွေကို ကျူးကျော်အကြောင်းပြချက်နဲ့ စစ်ကောင် စီက လာမယ့်ဧပြီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး အပြီးဖျက်သိမ်းခိုင်းထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်နယ်စစ်ကောင်စီက ဖျက်သိမ်းခိုင်းထားတဲ့ လူနေအိမ်တွေဟာ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ လှိုင်ရပ်ကွက်အတွင်းရှိ လူနေအိမ်တွေဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းခိုင်းတာပါ။
စစ်ကောင်စီရဲ့ အကြောင်းကြားစာအရ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်ရေးမှူး အမည်နဲ့ လ/န (၃၉) ခွင့်ပြုမိန့် ရရှိထားတဲ့ မြေဧရိယာ ၁၁ ဒသမ ၂၃၉ ဧက အတွင်းရှိ ခွင့်ပြုချက် မရှိဘဲ အဆောက်အဦတွေ ကျူးကျော် ဆောက်လုပ်ထားတာကို စစ်ဆေးတွေ့ရှိ ရတဲ့အတွက် ဖျက် သိမ်းခိုင်းတာဖြစ်တယ်လို့ ဆိုထားပါတယ်။
မော်လမြိုင်မြို့ခံတစ်ဦးကတော့ စစ်ကောင်စီက ဖျက်သိမ်းခိုင်းတဲ့ အဆောက်အဦးတွေဟာ ကျူး ကျော် မဟုတ်ဘဲ လယ်ယာမြေတွေကို ခရိုနီတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကပေါင်းပြီး ရောင်းချခဲ့တာကြောင့် ပြည်သူတွေက ဝယ်ယူထားတဲ့ မြေနေရာတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“တကယ်တော့ ကျူးကျော်ထားတာ မဟုတ်ဘူး။ အဲဒါအမှန်က လယ်ယာမြေ၊ လယ်ယာမြေကို ပထမ မူလပိုင်ရှင်ကနေပြီးတော့ ခရိုနီတွေနဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီးတော့ ဒါကို လ/န (၃၉) စာ ရွက် ကျပါတယ်ဆိုပြီးတော့ စာရွက်တစ်ရွက်ကို ကိုင်ပြီးတော့ အဲဒါကိုမိတ္တူပွားပြီးတော့ အဲဒီမှာ သူတို့ အကွက်ချပြီးတော့ လယ်မြေတွေကို ရောင်းစားတာ၊ ရောင်းစားတော့ ပြည်သူတွေကလည်း လ/န (၃၉) ကျပြီးဆိုတဲ့ စာရွက်စာတမ်းပြတော့ ဝယ်ကြတာပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် အခုလို အဆောက်အဦတွေကို အတင်းအဓမ္မ ဖျက်သိမ်းခိုင်းတဲ့ အပေါ် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို အသနားခံစာ တင်ပေမယ့် မူလ ရောင်းချခဲ့တဲ့သူတွေနဲ့သာ ရှင်းခိုင်းတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီက ကျူးကျော်ဆိုပြီး ဖျက်သိမ်းခိုင်းတဲ့ အခိုင်အမာ ဆောက်လုပ်ထားတဲ့ အဆောက် အဦ အရေအတွက်ဟာ ၅၀၀ ဝန်းကျင်ခန့် ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီက ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူနေအိမ်တွေကို ဖျက်သိမ်းခိုင်းတာကြောင့် မှားယွင်းစွာ ဝယ်ယူမိတဲ့ ဒေသခံတွေအနေနဲ့ ဒုက္ခရောက်ရသလို တချို့တွေအနေနဲ့ နေစရာ မရှိတာကြောင့် ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ ကပ်နေနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီလက်အောက်ခံ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ကတော့ စည်ပင်ပိုင် မြေနေရာအတွင်း ကျူးကျော် ဆောက်လုပ် နေထိုင်သူတွေကို ပထမအကြိမ် ဖျက်သိမ်းဖို့ အကြောင်း ကြားထားပြီး ဖြစ်ပေမယ့် ဖျက်သိမ်းတာ မရှိတဲ့အတွက် အခုလို ဒုတိယအကြိမ် အကြောင်းကြား ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျူးကျော်နေထိုင်သူတွေအနေနဲ့ ဧပြီ ၁၀ ရက်နေ့အတွင်း နောက်ဆုံးထား မဖျက်သိမ်းပါက မွန် ပြည်နယ် စည်ပင်သာယာရေးဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ခြိမ်းခြောက်ထားပါတယ်။
လူနေအိမ်တွေကို ဖျက်သိမ်းဖို့ လုပ်ဆောင်ရတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ကောင်စီရဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ညွှန်ကြားခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကျူးကျော် ဆိုပြီး ဖျက်သိမ်းခိုင်းတဲ့ အဆောက်အဦ မြေနေရာတွေကို စစ်ကောင်စီက လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းဆိုကာ မြေဖို့တာ၊ အကွက်ရိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေ သခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ