မော်လမြိုင် မတ် ၂၄

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံအတွက် အလုပ်ကမ်းလှမ်းမှု ဦးရေ ၅၀၊ ဂျပန်နိုင်ငံအတွက် အလုပ်ကမ်းလှမ်းမှု ဦးရေ ၁၅ ဦးနဲ့ တောင်ကိုရီးယားနိုင်ငံအတွက် အလုပ်ကမ်းလှမ်းမှု ဦးရေ ၁၀ ဦးသာ တင်သွင်းကြဖို့ နိုင်ငံခြား အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေထံ သတိပေးချက် ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်ဝါရီ ၃၀ ရက်မတိုင်မီ စာချုပ်ချုပ်ဆိုထားတဲ့ နိုင်ငံခြား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအထဲက ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မယ့် အေဂျင်စီတွေဟာ မတ် ၂၅ ရက် နောက်ဆုံးထားပြီး လူ ၅၀ ဦးထက် မပိုတဲ့ အလုပ်ခေါ်စာတွေ တင်သွင်းရမှာဖြစ်ပါတယ်။

ဂျပန်ကို အလုပ်သမား စေလွှတ်မယ့် အေဂျင်စီတွေကတော့ လူ ၁၅ ဦးထက် မပိုတဲ့ အလုပ်ခေါ်စာတွေ တင်သွင်းရမှာဖြစ်ပါတယ်။ တောင်ကိုရီးယားကို အလုပ်သမားစေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ကတော့ လူ ၁၀ ဦးထက်မပိုတဲ့ အလုပ်ခေါ်စာတွေကို လာမယ့် မေလ ၂ ရက်မှာ တင်သွင်းလျှောက်ထားနိုင်တယ်လို့ သတိပေးချက်မှာ ဖော်ပြပါတယ်။

အဲဒီ ညွှန်ကြားချက်အရ နိုင်ငံခြား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဟာ တစ်လကို တစ်ကြိမ် အလုပ်အကိုင် ကမ်းလှမ်းမှုတွေကို တင်သွင်းရမှာဖြစ်ပြီး လူကိုယ်တိုင်ပေးပို့ဖို့ မလိုအပ်ဘဲ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနထံ အွန်လိုင်းကနေ တင်သွင်းရမှာ ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုပါတယ်။

လာမယ့် မေ ၂ ရက်ကစတင်ကာ တင်သွင်းလာမယ့် အလုပ်ကမ်းလှမ်းမှုတွေကို တရားဝင်မှု ရှိ၊ မရှိ စစ်ဆေးပြီးနောက် အေဂျင်စီတွေအနေနဲ့ ပေးပို့လာတဲ့လုပ်ငန်းစဉ် ခွင့်ပြုချက်ပါ အကြောင်းကြားစာမိတ္တူ၊ အလုပ်ကမ်းလှမ်းချက်မိတ္တူ၊ အလုပ်ရှင်နဲ့အလုပ်သမားစာချုပ်မိတ္တူ၊ အလုပ်သမားရဲ့ ကိုယ်ရေးအချက်အလက်မိတ္တူတို့နဲ့အတူ အမည်စာရင်း ကို အလုပ်သမားဝန်ကြီးဌာနထံ တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် OWIC ကတ်ထုတ်ပေးခြင်းအတွက် နှစ်ပတ်ကြိုတင် အကြောင်းကြားစာ တင်သွင်းရမယ်လို့ ဆိုပါတယ်။ တင်သွင်းသည့်အခါ အလုပ်ရှင်နဲ့အလုပ်သမား စာချုပ်မိတ္တူ၊ ပေးပို့မှုလုပ်ငန်းစဉ် ဆောင်ရွက်ဖို့ ခွင့်ပြုချက်မိတ္တူတို့ကို တင်ပြရမှာ ဖြစ်ပါတယ်။

အေဂျင်စီတွေအနေနဲ့ ခွင့်ပြုချက်ရရှိပြီး တစ်ပတ်အတွင်း အလုပ်သမားစေလွှတ်ရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ရက်အတွင်း စေလွှတ်နိုင်ခြင်း မရှိပါက ပို့ဆောင်ရေးအတွက် လျှောက်လွှာကို ပြန်လည်တင်ပြရမှာပါ။

ဒါ့အပြင် သက်ဆိုင်ရာ နိုင်ငံတွေဆီ အလုပ်သမားတွေ ရောက်ရှိလာပါက အေဂျင်စီတွေဟာ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေကိုအလုပ်သမားဦးစီးဌာနထံ ဆောလျင်စွာ တင်ပြရမှာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အလုပ်သမားတွေ ပြည်တော်ပြန်လာပါက ရောက်ရှိလာတဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ထွက်ခွာမယ့် နေ့ရက်တို့ကို ဌာနဆီ တင်ပြရမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။

စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေအတွက် အခုလို ကြေညာချက်တွေကို ထပ်မံ ထုတ်ပြန်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref:-TheNation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.