ကျိုက်ထို၊ မတ် ၂၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခမိတ်ကျေးရွာနဲ့ကြာဖြူကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) အဖွဲ့ ပစ်ခတ်ခံရတာကြောင့် အရာရှိ နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ မတ် ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကုန်တင်ယာဉ်တွေကို စစ်ဆေးနေတဲ့ ကျိုက်ထိုမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) အဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်ခံရတာကြောင့် ကျိုက်ထိုမြို့နယ်(စစစ) အဖွဲ့က ဒုတိယစုံစမ်းရေးမှူး မင်းသူနဲ့ လက်ထောက်စုံစမ်းရေးမှူး မျိုးသန့်တို့ နှစ်ဦးဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး စုံစမ်းရေးမှူး သူရစိုးက ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ပစ်ခတ်မှုပြီးနောက် ခမိတ်ကျေးရွာနဲ့ကြာဖြူကျေးရွာကြားမှာ စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ညပိုင်းမှာလည်း လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အကြောင်းပြန်တာ မရှိသေးပါဘူး။
ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်မှာ စစ်ကောင်စီယာဉ်တန်းတွေနဲ့ စစ်ဆေးရေးအဖွဲ့တွေ မကြာခဏ တိုက်ခိုက်ခံရပြီး သေဆုံးတာတွေ အမြဲလိုရှိတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media