မော်လမြိုင် ၊ မတ် ၂၃

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီက လာမယ့်ဧပြီလဆန်းမှာ မွန်အမျိုးသားညီလာခံကို ဦးဆောင်ကျင်းပသွားမယ်လို့ မွန်အသိုင်းအဝိုင်းကနေ သိရပါတယ်။

အမျိုးသားရေးအထွေထွေကဏ္ဍတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေကို အတည်ပြုသုံးသပ်ဖို့ ရည်ရွယ် ချက်နဲ့ ၂၀၂၅ ခုနှစ် မွန်အမျိုးသားညီလာခံကို ဧပြီ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ မော်လမြိုင်မြို့ရှိ ဓာတုမာလာဘုန်းကြီးကျောင်းမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။

အဲဒီညီလာခံမှာ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုအ ခြေခံမူအပါအဝင် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်ဆွေးနွေးဖို့ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီက ဦးဆောင်တာဖြစ်လို့ ပြည်တွင်းရှိ မွန်နိုင်ငံရေးအင်အားစုတွေ မွန်နိုင်ငံ‌ရေးပါတီတွေ မွန်အရပ်ဘက်အဖွဲ့အစည်းတွေ မွန်သံဃာတော်တွေနဲ့ ဖိတ်ကြားသင့်တဲ့အဖွဲ့အစည်း လူပုဂ္ဂိုလ် တွေ တက်ရောက်ကြမှာပါ။

လက်ရှိ မွန်နိုင်ငံရေးအခင်းအကျင်းဟာ ပြည်တွင်းရှိ မွန်နိုင်ငံရေးအင်အားစုတွေနဲ့ စစ်အာဏာ ရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုတို့ ရှိနေကြပါတယ်။

သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ Bilateral Agreement နှစ်ဘက်သဘောတူညီမှုစာချုပ်အတိုင်း ရပ်တည်နေပါတယ်။

မွန်ညီညွတ်ရေးပါတီ၊ မွန်တိုးတက်ရေးပါတီနဲ့ အမျိုးသမီးပါတီ(မွန်) တို့ကတော့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိထားကြတာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ အိန္ဒိယက ဦးဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ အပစ်ရပ် EAO တွေအပြင် နိုင်ငံရေးပါတီတချို့နဲ့အတူ မွန်ပြည်သစ်ပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီခရီးစဉ်အပြီး ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေချိန် မွန်အမျိုးသားညီလာခံကျင်းပဖို့ စီစဉ်နေတာဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းပြမြေပုံနောက်လိုက်ဖို့ အချိန်ကိုက်စီစဉ်ခြင်းလားဆိုပြီး ရာမညအင်စတီကျုသုတေသနဌာန RICE က အတွေးပွားစရာအဖြစ် သုံးသပ်ထားပါသေးတယ်။

သံလွင်တိုင်းမ်အနေနဲ့ ကျင်းပသွားမယ့် မွန်အမျိုးသားညီလာခံနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်‌ကော်မတီဝင် နိုင်အောင်မငေးထံ ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးရှိနေတယ်လို့ အကြောင်းပြန်ပါတယ်။

ညီလာခံမှာ သုံးသပ်ဆွေးနွေးသွားမယ့် ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူနဲ့ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၂၀၂၂ ခုနှစ် မွန်အမျိုးသားညီလာခံကနေ ခြောက်လအတွင်း အပြီးသတ်ရေးဆွဲဖို့ ဆုံးဖြတ်ထားကြတာပါ။

အဲဒီအတွက် မွန်သံဃာတော်တွေ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ မွန်အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ် ၁၂ ဦး ပါဝင်တဲ့ စေ့စပ်ညှိနှိုင်းရေးဆွဲရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မွန်အမျိုးသားညီလာခံကို မေလပထမပတ်အတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေးဗဟိုဌာန၊ ညီစားစခန်းမှာ ကျင်းပခဲ့ဖြစ်ပြီး ကိုယ်စားလှယ် ၂၅၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.