ဝါရှင်တန်၊ မတ် ၁၃
အမေရိကန်သို့ ဝင်ရောက်လာတဲ့ သံမဏိနဲ့ ဒန်သတ္တုတွေအပေါ် သွင်းကုန်အခွန်တွေ ကောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ကြေညာခဲ့ပြီးတဲ့နောက် ဥရောပသမဂ္ဂ EU နဲ့ ကနေဒါတို့က လက်တုံ့ပြန်မှုတွေ ရှိခဲ့ပေမယ့် အခွန်တွေ ထပ်တိုး ကောက်မယ်လို့ သမ္မတထရန့်က ကြွေးကြော်လာပြန်ပါတယ်။
တုံ့ပြန်ရေး အစီအစဉ်တွေအနေနဲ့ ရှေ့လမှာ ကမ္ဘာတဝန်းရှိ နိုင်ငံတွေကို အခွန်တွေ ထပ်မံ ကောက်ခံဦးမှာ ဖြစ်တယ်လို့ ထရန့်က ပြောကြားထားပါတယ်။

အမေရိကန်အပါအဝင် ကမ္ဘာတဝန်းက နိုင်ငံတွေမှာ စီးပွားရေးနဲ့ စားသုံးသူတွေအပေါ် ရိုက်ခတ်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန် ဘဏ္ဍာရေးဈေးကွက်တွေကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့တဲ့ ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်သို့ ဝင်ရောက်လာတဲ့ သံမဏိတွေနဲ့ ဒန်သတ္တုတွေကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း ထရန့်က မတ် ၁၂ ရက်က ကြေညာခဲ့တာပါ။
တရုတ် သွင်းကုန်ပစ္စည်းတွေအပေါ်မှာလည်း အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်တယ်လို့ ထရန့်က ကြေညာထားပါတယ်။

တရုတ်က အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်ပွဲ အပါအဝင် ဘယ်လို စစ်ပွဲမျိုးကိုမဆို အဆုံးထိ တိုက်ခိုက်သွားမယ်လို့ ပြောထားပေမယ့် ထရန့်က အခွန် တိုးကောက်ခဲ့တာ ဖြစ်ပါတယ်။
ထရန့်ရဲ့ အခွန် တိုးကောက်မှုကို အီးယူနဲ့ ကနေဒါက တုံ့ပြန်ထားပေမယ့် အမေရိကန်သို့ သတ္တု အဓိက ပို့နေတဲ့ ဗြိတိန်၊ သြစတြေးလျ၊ မက္ကစီကိုနဲ့ ဘရာဇီး အပါအဝင် တခြား နိုင်ငံတွေကတော့ လက်တုံ့ပြန်မှု မရှိသေးပါဘူး။
မတ် ၁၃ ရက်က စတင်ပြီး အမေရိကန် ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ ကနေဒါက ကြေညာထားပါတယ်။
အီးယူကလည်း အမေရိကန် ကုန်ပစ္စည်းတွေအပေါ် ဧပြီ ၁ ရက်က စတင်ပြီး အခွန် တိုးကောက်သွားမယ်လို့ ကြေညာထားပါတယ်။
အခွန်တွေဟာ စီးပွားရေးလုပ်ငန်းတွေ အတွက် မကောင်းဘဲ စားသုံးသူတွေ အတွက် ပိုဆိုးတယ်လို့ အီးယူဥက္ကဋ္ဌ ဗွန်ဒါ လေယန်က ပြောကြား ပါတယ်။
ထရန့်က ရေရှည်အတွက် အမေရိကန်မှာ သံမဏိနဲ့ ဒန်သတ္တု ထုတ်လုပ်မှု မြှင့်တင်ရေး ရည်ရွယ်ချက်နဲ့ အခုလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Ref:BBC