မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ်မှာ ထွက်ရှိတဲ့ ဆောင်းရာသီ သီးနှံဖြစ်တဲ့ ပဲစိုက်ခင်းတွေဟာ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ပဲအထွက်နှုန်းတွေ သိသိသာသာ ကျဆင်းလာတယ်လို့ ပဲစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပဲစိုက်ခင်းတွေဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့် နှင်းခါးရိုက်ပြီး အသီးပွင့်တွေ ပျက်စီးသွားတဲ့အတွက် ပဲအထွက်နှုန်း သိသိသာသာ ကျဆင်းမှုနဲ့ကြုံနေရတာပါ။
အခုလို ပဲစိုက်ခင်းတွေ အရင်လို အသီးမတင်တော့ဘဲ ပျက်စီးသွားတာ၊ အရင်နှစ်ကထက် အထွက်နှုန်း သိသိသာသာ ကျဆင်းလာတဲ့အတွက် စိုက်ပျိုးစရိတ် ပြန်ရဖို့အတွက်တောင် အခက်အခဲရှိလာတယ်လို့ ပဲစိုက်တောင်သူတွေက ဆိုကြပါတယ်။
ပဲစိုက်တောင်သူတစ်ဦးကတော့ ရာသီဥတုဖောက်ပြန်မှုကြောင့် ပဲအထွက်နှုန်း ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းလာနိုင်တယ်လို့ ပြောပါတယ်။
“ဒီနှစ်က ပဲတွေအစောကြီး ပျက်သွားကြပြီ။ ပဲကသဘာဝဆိုရင် သုံးသုတ်သီးတာပေါ့။ ပထမ အ သီးရှိတယ်။ အလယ်သီး ရှိတယ်။ နောက်သီး ရှိတယ်။ ဒီနှစ်က ပထမသီးနဲ့ အလယ်သီးလောက်နဲ့ပဲ ရပ်သွားတယ်။ နောက်သီးကရတဲ့သူ သိပ်မရှိကြဘူး။ ပဲအပင်အသေစောတာပေါ့။ အထွက်နှုန်းဆိုရင် ၂၅ ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်းလောက်တော့ အထွက်နှုန်းကျမယ်ထင်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိပဲထွက်ရာသီမှာ အရင်နှစ်က ဈေးတန်းအတိုင်း ဈေးနှုန်းရရှိနေပေမယ့် ပဲထွက်များလာပါက ဈေးနှုန်းကျဆင်းလာမှာကို ပဲစိုက်တောင်သူအများစု စိုးရိမ်နေကြပါတယ်။
ပဲစိုက်တောင်သူ နောက်တစ်ဦးကလည်း ရာသီဥတုကြောင့် ပဲပင်တွေသေဆုံးတာများတဲ့အတွက် သွင်းအားစုအပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ အများကြီးကုန်ကျထားတာကြောင့် အရှုံး ပေါ်နိုင်တယ်လို့ ပြောပါတယ်။
“ပဲပင်တွေကအခါတိုင်းဆိုရင် မကျသွားဘူး။ ဒီနှစ်က အစောကြီးကျသွားတယ်။ အကုန်လုံး ဝါကုန်တယ်။ တစ်ပင်တစ်ပင် ကြားကြားပြီးတော့ သေတယ်။ တော်တော် ရုပ်ဆိုးတယ်။ သေတာမှ တော်တော်များများသေတယ်။ မနှစ်ကစရိတ်က ဆေးဖြန်းဆေးခတွေ၊ ဝဲခတွေ၊ အကုန်လုံးပေါ့ သက်သာတယ်။ အခု ဒီနှစ်ကကျတော့ ဝယ်ရတဲ့ဆေးတွေနဲ့ ဖြန်းရတဲ့ဆေးတွေနဲ့ ကျွန်တော်တို့က ဆက်တိုက် ဖြန်းနေရတယ်။ အရင်ကဆို ဘာတစ်ခုမှလည်း မဖြန်းရဘူး။ ပဲထွက်တဲ့ အခက်အခဲတွေရော လုပ်အားခတွေရော တောင်သူတွေဒုက္ခဖြစ်တယ်” လို့ ပြောပါတယ်။
လက်ရှိ ပဲရိတ်သိမ်းဖို့အတွက် စက်တွေငှားရာမှာ စက်သုံးဆီဖြစ်တဲ့ ဒီဇယ်ဆီအခက်အခဲကြောင့် အရင်လို ငှားရမ်းလို့မရ ဖြစ်နေသလို ကျွမ်းကျင်လုပ်သား ငှားရမ်းတဲ့နေရာမှာလည်း အရင်ကထက် တစ်ရက်ကို ကျပ် ၁၆၀၀၀ ပေးပေမယ့် ခေါ်ယူလို့ မရဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို အခက်အခဲတွေကြောင့် ပဲတွေကို သက်မှတ်ရက်အတွင်း မရိတ်သိမ်းနိုင်ပါက ပျက်စီးဆုံးရှုံးမှု များလာနိုင်တဲ့အပြင် ပြည်ပကို တင်ပို့နိုင်တဲ့ အရည်အသွေးတွေပါ ကျဆင်းလာနိုင်တဲ့အတွက် အကျိုးအမြတ် မဟုတ်ဘဲ စိုက်ပျိုးစရိတ် မရမှာတောင် စိုးရိမ်မှုရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ပဲစိုက်ပျိုးမှုအနေနဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်နဲ့ ပဲတီစိမ်း ရွှေဝါတွေကို အဓိက စိုက်ပျိုးကြတာ ဖြစ်ပြီး စိုက်ပျိုးဧကအနေနဲ့ ဧကပေါင်း ၁၇၀၀၀၀ ကျော် ရှိကာ နှစ်စဉ် ပဲမျိုးစုံ တန်ချိန် ၂၀၀၀၀ ဝန်းကျင် ထွက်ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ