မြဝတီ ၊ ဖေဖော်ဝါရီ ၂၇

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင်သုံးဦးအား ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းထုတ်နိုင်ရေး လုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ဖို့ Justice For Myanmar က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ချက်ကနေ တိုက်တွန်းလိုက်ပါတယ်။

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်နိုင်ဖို့ ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

သူတို့ကို ဖမ်းဝရမ်းထုတ်တာဟာ ထိုင်းနယ်စပ်တလျှောက် BGF ခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်လာမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းလုပ်ငန်းတွေအား အလျင်အမြန်နှိပ်ကွပ်ဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာ ဖိအားတွေ မြင့်တက်လာနေပြီဖြစ်ရာ ဖမ်းဝရမ်းလျှောက်ထားမှုကိုလည်း လိုက်ပါလုပ်ဆောင်ရမယ်လို့ Justice For Myanmar က ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးတွေ တည်ရှိရာ မြန်မာနယ်စပ်ဒေသတွေထဲမှာ လျှပ် စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကိုမကြာသေးမီက လုပ်ဆောင်ထားတာပါ။

အဲဒီမှာ ပိတ်မိနေခဲ့ကြတဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံထံ လွှဲပြောင်းခဲ့ပေမယ့် အဲဒီလုပ်ငန်းတစ်ရပ်လုံးကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေးအတွက် ဆက်လက်တွန်းအားပေးနေဆဲလို့ ပြောပါတယ်။

Justice For Myanmar ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ BGF ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေအနေနဲ့ မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းတွေမှာတိုက်ရိုက်ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနဲ့ လူသုံးကုန်ရောင်းချမှုတွေကတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းကနေ အကျိုးအမြတ်တွေရရှိနေတယ်လို့ ဖော်ထုတ်ထားတာပါ။

BGF ခေါင်းဆောင်တွေကတော့ နယ်စပ်ဒေသတွေမှာ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုးရေးတွေသာဖြစ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိဘဲ မြေငှာရမ်းတဲ့ မြေရှင်သာဖြစ်တယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်ကျော်မှာ ထုတ်ပြောခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ စီးပွားမိတ်ဖက်တွေ၊မြန်မာစစ်တပ်က တပ်မှူးတွေ၊ရာဇဝတ်လုပ်ငန်းတွေကို အားပေးကူညီပြီး အကျိုးအမြတ်ရနေကြတဲ့ ထိုင်းကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေ တိုးချဲ့သင့်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

မြန်မာစစ်တပ်လည်း ဒေသတွင်း ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေကို အဓိကအား ပေးကူညီနေသူဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ် BGF နဲ့ အဲဒီ ရာဇဝတ်လုပ်ငန်းကြီးတွေကို လက် သပ်မွေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေ လူကုန်ကူးမှုတွေရဲ့ အရင်းမြစ်ဖြစ်တဲ့ မြန်မာစစ်တပ်ကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုအပ်တယ်လို့ Justice For Myanmar က တိုက်တွန်းထားတာပါ။

ထိုင်နိုင်ငံအနေနဲ့ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ပေးနေတဲ့အပြင် သဘာဝဓာတ်ငွေ့ ဝယ်ယူမှုကနေ ဘဏ္ဍာငွေ ဆက်ပေးနေသရွေ့ ဆိုက်ဘာငွေလိမ်မှုတွေနဲ့ လူကုန်ကူးမှုတွေ ဆက်နေဖြစ်မယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.