လျှပ်စစ်မီးနဲ့လောင်စာဆီ ဖြတ်တောက်ထားပေမယ့် ရွှေကုက္ကိုလ်မြို့မှာလုပ်ငန်းတွေ ဆက်လက်လည်ပတ်နေ

ရွှေကုက္ကိုလ်၊ ဖေဖော်ဝါရီ ၂၇

ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက် မြဝတီ၊ ရွှေကုက္ကိုလ်မြို့ဘက်ကို လျှပ်စစ်မီးနဲ့ စက်သုံးဆီဖြတ်တောက်ထားပေမယ့် ကျားဖြန့်လုပ်ငန်းရှိရာ ရွှေကုက္ကိုလ်မြို့မှာ ဘားအံကနေ ဝယ်ယူလာတဲ့စက်သုံးဆီတွေကိုအသုံးပြုပြီး လုပ်ငန်းတွေ ဆက်လက်လည်ပတ် လုပ်ကိုင်လျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကို ဦးတည်ပစ်မှတ်ထားပြီး ထိုင်းအစိုးရက မြန်မာနိုင်ငံ မြဝတီရွှေကုက္ကိုလ်မြို့ဘက်ကို ဖြန့်ဝေရောင်းချပေးလျက်ရှိတဲ့ လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေကို ဖေဖော်ဝါရီလ အစောပိုင်းက စတင်ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ စက်သုံးဆီဖြတ်တောက်ထားတဲ့အတွက် စက်သုံးဆီအခက်ကြုံနေရတဲ့ မြဝတီမြို့ခံပြည်သူတွေဟာ စက်သုံးဆီရရှိဖို့အတွက် ထိုင်းဘက်ခြမ်း မဲဆောက်မြို့ကို သွားရောက်ပြီး အလုအ ယက်ဝယ်ယူနေတဲ့အတွက် မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ် ဝန်းကျင်တဝိုက်မှာ ယာဉ်ကြောပိတ်ဆို့တာတွေ နေ့စဉ်လိုလိုဖြစ်နေပါတယ်။

ရွှေကုက္ကိုလ်မြို့မှာတော့ ထိုင်းအစိုးရက လျှပ်စစ်မီးနဲ့ စက်သုံးဆီဖြတ်တောက်ထားတဲ့ ဖေဖော် ဝါရီလ အစောပိုင်းက လျှပ်စစ်မီးပျက်တာ စက်သုံးဆီပြတ်တောက်တာတွေ ဖြစ်ပေါ်နေခဲ့ပြီး လုပ်ငန်းအချို့ ရပ်နားထားခဲ့ရကာ အခုနောက်ပိုင်းမှာတော့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ စက်သုံးဆီရရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ရွှေကုက္ကိုလ်မြို့ကို သယ်ယူလာနေခဲ့ပါတယ်။

BGF အဖွဲ့ဝင်တွေဟာ စက်သုံးဆီပုံးတွေကို ကားတွေနဲ့ ဘားအံမြို့ကနေတစ်ဆင့် ရွှေကုက္ကိုလ်မြို့ကို သယ်ဆောင်လာနေကြပြီး သယ်ယူလာတဲ့စက်သုံးဆီတွေနဲ့ မြို့နေ ပြည်သူတွေ၊ တရုတ်လုပ်ငန်းတွေဆီ ပြန်လည်ရောင်းချနေကြတာ ဖြစ်ပါတယ်။

ရွှေကုက္ကိုလ်မြို့မှာ လောင်းကစားလုပ်ငန်းတွေ ကာစီနိုကေတီဗီလုပ်ငန်းတွေ၊ ဟိုတယ်၊စားသောက် ဆိုင်၊ ဖုန်းဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်းစတဲ့ လုပ်ငန်းတွေဟာ BGF အဖွဲ့ဝင်တွေ ဘားအံကနေ မှာယူရောက်ရှိလာတဲ့ စက်သုံးဆီတွေနဲ့ အားထားအသုံးပြုနေကြတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ထိုင်းက စက်သုံးဆီနဲ့ လျှပ်စစ်မီး စတင်ဖြတ်တောက်ထားလိုက်တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နောက် ပိုင်းရက်တွေမှာ ရွှေကုက္ကိုလ်မြို့မှာ စက်သုံးဆီပြတ်လပ်တဲ့အထိ ဖြစ်ပေါ်နေခဲ့ပေမယ့် ၁ လနီးပါးကြာလာတဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ စက်သုံးဆီတွေ ပြန်လည်ဝယ်ယူရရှိနေပြီလို့ အဲဒီဒေသခံက ဆိုပါတယ်။

ဘားအံမြို့နယ် အဝင်အထွက်နေရာတွေမှာတော့ ပြည်သူတွေ စက်သုံးဆီသယ်ဆောင်တာတွေကို ကန့်သတ်တားမြစ်ဖမ်းဆီး အရေးယူလုပ်ဆောင်မှုတွေ ရှိနေပေမယ့် နယ်ခြားစောင့်တပ် BGF တွေ စက်သုံးဆီအများအပြား သယ်ဆောင်လာတာကိုတော့ စစ်ကောင်စီကဖမ်းဆီးအရေးယူဆောင်ရွက်မှုမရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

BGF တပ်ဖွဲ့ဟာ သူတို့ထိန်းချုပ်ထားရာ ရွှေကုက္ကိုလ်မြို့မှာရှိတဲ့ လုပ်ငန်းခွင်တွေအားလုံးထဲကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ရာမှာ တရားမဝင် ရောက်ရှိနေပြီး လူကုန်ကူး နှိပ်စက်ခံနေရတဲ့ တရုတ်လူမျိုးအများစုပါဝင်တဲ့ ပြည်ပနိုင်ငံသား အများအပြားကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကာ ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းတာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီရဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ထားချက်အရ မြဝတီ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် ၁ လနီးပါးအတွင်း ပြည်ပနိုင်ငံသား ၂၅၃၈ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ၆၇၃ ဦးကို ထိုင်းနိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.