မကွေး ဖေဖော်ဝါရီ ၂၆
မကွေးတိုင်း ပွင့်ဖြူမြို့နယ်က သျှောင်ပေစူးကျေးရွာလို့ လူသိများတဲ့ ရေပုတ်ကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် မနက် ၉ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
“ပထမလေယာဉ်နဲ့ဝဲတယ်။ နောက်တော့ ရွာ ပတ်ချာလည်ရယ်၊ ရွာထဲရယ်ကို ပစ်တယ်။ လူတွေကတော့ ပြေးရပုန်းရတော့တာပေါ့။
တော်တော်ကြာကြာ ပစ်သံကြားပြီမှ ငြိမ်သွားတာ” လို့ ဒေသခံတစ်ယောက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
လေကြောင်းနဲ့ ပစ်ခတ်မှု မဖြစ်ပွားခင် လက်နက်ငယ်သံတွေ ကြားခဲ့ရပေမယ့် ဘာကြောင့် ပစ်ခတ်ကြတယ်ဆိုတာကိုတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက အင်အားတိုးချတာတွေ ပြုလုပ်ထားပြီး ပြည်သူတွေကတော့ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် ထိခိုက်မှု အခြေအနေတွေကိုတော့ အသေးစိတ်မသိရှိရသေးဘဲ မနက် ၁၁ နာရီဝန်းကျင်မှာတော့ ပစ်ခတ်သံတွေ ငြိမ်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပွင့်ဖြူမြို့နယ်အတွင်း မကြာခဏဆိုသလို လေကြောင်းနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေပြီး ဒီလိုပစ်ခတ်တာဟာ တစ်လအတွင်း စက်တပ်လေထီးအပါအဝင် သုံးကြိမ်မြောက်ပစ်ခတ်တာ ဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ပွင့်ဖြူမြို့နယ်နဲ့ဆက်စပ်နေတဲ့ စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာအနီးက ယာတဲစုကို စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့တာကြောင့် ၈ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကာ နွား ၂၄ ကောင်သေဆုံးခဲ့ပါသေးတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI